Skip to content

အထင်ခန္ဓာကို အမြင် ဉာဏ်ရောက်ခြင်း

ဓမ္မဓရ=== တရားသဘောတွေဟာ အလွန် သိမ်မွေ့ပါတယ်ဘုရား။အသေးစိတ် အဟုတ်ထင်ခြင်း အဝိဇ္ဇာ ကို မြင်နိုင်ဘို့ရာ အလွန်ခက်ခဲပါတယ်။ဆရာသမားကဘေးနားမှာ အနီးကပ် လမ်းညွှန်ချက် ပေးနေဘို့ လိုအပ်ပါတယ်ဘုရား။

တရားအားထုတ်ရတာ ကိုယ် မရောက်ဘူးတဲ့ လမ်းကိုလျှောက်နေရသလိုပဲ ကျေနပ်စရာတွေမျိုးစုံ ၊အဟုတ်ထင်စရာတွေမျိုးစုံနဲ့ ပြည့်ကြပ်နေပါတယ်။

ကုယ်တိုင် အဟုတ်ထင်ခြင်း အဝိဇ္ဇာဖြစ်နေတာကို ဖြစ်နေတာမှန်းမသိပဲ ကိုယ်ထင်ရာ ကိုယ်လုပ်မိတာတွေ များလှပါတယ်ဘုရား။

(ပျက်နေတယ်)လို့ရွတ်ရင်း ကိုယ့်ကိုကို သိပြီး ဘာမှ မဟုတ်ကြောင်း နားလည်ပေး နေရတာကို (ချမ်းသာတယ်)ဟုအဟုတ်ထင်ခြင်း အဝိဇ္ဇာ ဖြစ်ပြီး သတိမြဲလိုခြင်း၊ တဏှာဖြစ်နေပါတယ်။ တဏှာဖြစ်နေတာကိုပဲ (ကောင်းတယ်)ဟုအဟုတ်ထင်ခြင်း အဝိဇ္ဇာ ဖြစ် နေပြန်ပါတယ်။

သတိကပ်ပြီး အားထုတ်နေရသော သင်္ခါရ ဒုက္ခ အစစ်ကိုပင် ၊ (မဂ္ဂသစ္စာ ဖြစ်နေတယ်) ဟု အကောင်းထင် ခြင်း၊သမုဒယသစ္စာဖြစ်နေပြန်ပါတယ်။

ဒုက္ခသစ္စာ ကို ဆုံးအောင်မြင်နိုင်ရန်နှင့် သမုဒယသစ္စာကို ဆုံးအောင် ပယ်နိုင်ရန်မှာ ပညာ ဉာဏ် အလွန်ထက်မှ ဖြစ်နိုင်မှာပါဘုရား။ (ခန္ဓာဉာဏ်ရောက်) ဟူသောစကားကို ကြားဘူးနေတာ ကြာပါပြီ။

ယခုမှပဲ (အထင်ခန္ဓာကို အမြင် ဉာဏ်ရောက်ခြင်း၊ )ဟုနားလည်ပါတယ်။

အဟုတ်ထင်ခြင်း၊ အကောင်းထင်ခြင်း၊ ဒုက္ခ၊သမုဒယ ခန္ဓာများကို (ဘာမှ မဟုတ်ဘူး) ဟုသိမြင်သော ဉာဏ်အမြင်ရောက်မှ (ခန္ဓာဉာဏ်ရောက်၏) အဓိပ္ပါယ်ကို နားလည်မှာ ဖြစ်ပါတယ်။

ရုပ်နာမ်(၂)ပါး ၏ အကြောင်း

ရုပ်နာမ်(၂)ပါး၏ အကြောင်း ကိုမပြောခင် ရုပ်နာမ်ကို သေသေချာချာ နားလည်ဘို့လိုပါတယ်။ (ရူပ)ဟူသော ပါဠိကို ရုပ်-ဟု ပါဠိ-မြန်မာ တွဲသုံးကြပါတယ်။ ရုပ်၏ အဓိပ္ပါယ်မှာ (ဖောက်ပြန်ခြင်းသဘော) ဟုဘာသာပြန်ပါတယ်။

ခန္ဓာကိုယ်ကို သိစရာ မျှလောက်သာ ထားပြီး သိရုံလေးသိရင် မငြိမ်မသက်တာ ကို တွေ့နိုင်တယ်။ ထိုဖြစ်စဉ် ပျက်စဉ် မငြိမ်မသက်တာကို ဝိဇ္ဇမာနပညတ်နယ် ဟုခေါ်ပါတယ်။ ထိုဝိဇ္ဇမာနပညတ်နယ် ကို (ဖောက်ပြန်သဘော)ဟုလည်းသုံးကြပါတယ်။

ထိုဖောက်ပြန်သဘောနယ် သည် သတိထားရမည့်  (သတိပဋ္ဌာန်နယ်) ဖြစ်ပါတယ်။

ထိုသတိပဋ္ဌာန်နယ် ဖြစ်ပျက်စဉ်ကို သန္တတိပညတ်အစဉ် ဟုလည်းခေါ်ကြပါတယ်။ ထိုသတိပဋ္ဌာန်နယ်မှာ တွေ့ရသော အစဉ်သန္တန် ကို တစ်စက္ကန့်တွင် ကုဋေ ငါးထောင်စိတ်လိုက်ပြီး ထိုအစိတ်ထဲမှ တစ်ခု ၊တစ်စိတ် ဖြစ်ပျက်သဘောမျှသည် ရုပ်ပရမတ်ဖြစ်ပါတယ်။

(ရုပ်)ဟူသော စကားကို စာဖတ်၍ ဖြစ်စေ သူများပြော၍ ဖြစ်စေ ကြားရသောအခါ စိတ်မှာပုံဖေါ်လာခြင်းသည် အဝိဇ္ဇမာနပညတ် ဖြစ်ပါတယ်။ သတိပဋ္ဌာန်အစစ်ဖြစ်လျှင် ဝိဇ္ဇမာနပညတ် နယ်ဖြစ်ပါတယ်။ ထိုနယ် (၂)ပါးသည် ရုပ်အတုဖြစ်ပါတယ်။ ဖြစ်ပျက်သဘောမျှသည် ရုပ်အစစ်ဖြစ်ပါတယ် ရုပ်အစစ် ကို သတိပညာဖြစ်မှ သိလို့ရပါတယ်။

ရုပ်အစစ်ကိုမတွေ့သေးသမျှ ရုပ်အတုများကို အစစ်ထင်ကာ ပညတ်နယ်မှာ ဖြစ်နေကြပါတယ်။အဝိဇ္ဇာဖုံးထားသောကြာင့် ပညာမဖြစ်နိုင်ပါဘူး။

ထိုရုပ်အစစ်၏ အကြောင်းမှာ ပဋိသမ္ဘိဒါမဂ် ပါဠိတော် မှာလာသည့်အတိုင်း

အဝိဇ္ဇာ= အဟုတ်ထင်ခြင်း ၊

တဏှာ=လိုချင်ခြင်း။

ကံ=ပြုလုပ်ခြင်း ၊

အဟာရ=ထောက်ပံ့ခြင်း အားဖြင့် (၄)ပါး ရှိပါတယ်။ ဤ အကြောင်းတရား တစ်ခုမရှိလျှင်  ရုပ်တရားမှာ ကိုယ်ပိုင်စွမ်းအား အနှစ်သာရများဖြင့် လုံးဝ မရပ်တည်နိုင်ပါ။ မဖြစ်နိုင်ပါ။ မဖြစ်နိုင်သောသဘော မူလကကို ပါခဲ့သောကြောင့် ဖြစ်နိုင်သော အားမှ ပျက်နေတဲ့ မူလပျက်သဘော သုညသာဖြစ်ပါတယ်။ အနိစ္စ၊ဒုက္ခ၊ အနတ္တ ဟုလည်းဆိုနိုင်ပါတယ်။

ကိုယ်ပိုင် ဖြစ်နိုင်ခြင်း စွမ်းအားမှ  ကုန်နေခြင်းကြောင့်အနိစ္စ၊

အကြောင်းဆုံတိုင်းဖြစ်-အကြောင်းကုန်တိုင်း ပျက်သောကြောင့် ဒုက္ခ

ကိုယ်ပိုင် အနှစ်အသားမရှိသောကြောင့်အနတ္တ ဖြစ်ပါတယ်။

ပါဠိစကားမှာ နာမ ဖြစ်ပါတယ်။ ပါဠိ-မြန်မာ တွဲခေါ်ခြင်းသည် နာမ်ဖြစ်ပါတယ်။ မြန်မာသက်သက်ပြန်လျှင် (သိခြင်း) ဖြစ်ပါတယ်။ နာမ် ဟူသောစကားလုံးကို ကြားသိရလျှင် စိတ်ထဲမှာ အကောင် အထည် တစ်ခုခု ထင်လာခြင်းသည်  အဝိဇ္ဇမာနပညတ်နယ် ဖြစ်ပါတယ်။သိခြင်းသဘော အစဉ် သန္တန်တစ်ခုခု ထင်လာခြင်းသည် ဝိဇ္ဇမာနပညတ်နယ် ဖြစ်ပါတယ်။

အရှင်ဘုရားကို သင်ပေးထားသော သတိပဋ္ဌာန် အကျင့်မှာ သိတာနှင့် သိစရာ (၂)မျိုးကိုတွေ့ရမယ်။ သိတာ အစဉ်သည် ဝိဇ္ဇမာနပညတ်နယ် တွင်သိရသော နာမ်ဖြစ်ပါတယ်။ သိစရာ-အစဉ်သည် ဝိဇ္ဇမာန ပညတ်နယ် တွင်သိရသော ရုပ် ဖြစ်ပါတယ်။ တရားအားထုတ်ရမှာ ကသိတာနှင့်သိစရာမြဲအောင် သတိပဋ္ဌာန်နယ် မှာ ကြိုးစားအးထုတ် ရမှာဖြစ်ပါတယ်။ သတိပဋ္ဌာာန်နယ် မြဲရင် မြဲသလောက် ပညာ အဆင့်ဆင့် မြင့်လာမှာဖြစ်ပါတယ်။

နာမ်တရား၏ အကြောင်းမှာ -ပဋိသမ္ဘိဒါမဂ်ပါဠိတော် မှာ လာသည့်အတိုင်း

အဝိဇ္ဇာ= အဟုတ်ထင်ခြင်း

တဏှာ= လိုချင်ခြင်း

ကံ=ပြုလုပ်ခြင်း

ဖဿ= အာရုံ၊ဒွါရ တွေ့ထိခြင်း။ ဤ (၄)ပါး ဖြစ်ပါတယ်။ဤ အကြောင်းများ တစ်ခုခု မှရှိလျှင် နာမ်တရားများမဖြစ်နိုင်ပါ။ ဖြစ်လို့မရပါဘူး။

ထိုသိတာ အစဉ် ကို တစ်စက္ကန့်လျှင် ကုဋေ တစ်သိန်းစိတ်ပြီး ထို အစိတ်ထဲမှ တစ်စိတ်သည် (သိပျက်-သဘော) နာမ်တရားအစစ် ဖြစ်ပါတယ်။ပညာဖြင့်သာနားလည် သဘောပေါက် လို့ရပါတယ်။စိတ်ထဲမှာ ပုံဖော်တွေ့ရသော တရားမဟုတ်ပါဘူး။

ထိုသိပျက်သဘောလေးသည် အကြောင်း မပါပဲလုံးဝ ဖြစ်လို့မရပါ။ တစ်ခုတည်း ဖြစ်နိုင်တဲ့အား မူလ ကကို ကုန်ဆုံး ချုပ် ပျက်နေသော သဘောပါနေခြင်းသည် မူလပျက် သုည နယ် ဖြစ်ပါတယ်။ သိတာနှင့် သိစရာကို မြဲအောင်ကြိုးစားပြီး သဘောနယ်။သုညနယ် ပါသော သိစရာ၏ ဘာမှ မဟုတ်ကြောင်းကို နားလည် သဘော ပေါက်နေခြင်းကို ဝိပဿနာတရားအား ထုတ်တယ် လို့ခေါ်ပါတယ်ဘုရား။

သစ္စာ (၄)ပါးဖွဲ့သောအခါမှာ အမှန်တရားကို ဂရုစိုက်နေသော သတိသည် ဒုက္ခသစ္စာဖြစ်ပါတယ်။ ထိုသတိမြဲနေခြင်း လောဘသည် သမုဒယ သစ္စာ ဖြစ်ပါတယ်။ထို ဒုက္ခ၊ သမုဒယ ချုပ်ငြိမ်းရာသည် နိရောဓ သစ္စာဖြစ်ပါတယ်။ထိုသစ္စာ(၃)ပါးကို ပိုင်နိုင်စွာသိမြင်ခြင်းသည်  မဂ္ဂသစ္စာဖြစ်ပါတယ်။

ဤ သစ္စာ (၄)ပါး ဖွဲ့ ပုံကို စဉ်းစားကြည့်ပါ။ အရှင်ဘုရားပြောတဲ့  သတိမြဲချင်နေခြင်းကို သမုဒယသစ္စာ ဖွဲ့ထားပါတယ်။

သတိမြဲချင်နေတာဟာ သတိမြဲနေတာ မဟုတ်ပါဘူး။

သတိမြဲနေတာ ဟာလည်း သတိမြဲချင်တာ မဟုတ်ပါဘူး။

မြဲနေသောသတိကို မြဲချင်နေတာ က တားမြစ်နေပါတယ်။ကန့်ကွက်နေပါတယ်။

မြဲချင်လေ မမြဲလေ ဖြစ်နေမှာ ဖြစ်ပါတယ်။

မြဲချင်နေသောစိတ်သည်ပင် နာမ်တရားဖြစ်သောကြောင့် (ဘာမှ မဟုတ်ခြင်းသဘော)ထဲဝင်သွားပါတယ်။

မြဲချင်နေသောစိတ်ကို (ဘာမှမဟုတ်ဘူး) ဟုရှုနိုင်၊သိနိုင်လျှင် သတိမြဲသွားမှာ ဖြစ်ပါတယ်။

ဘာစိတ်ဘဲပေါ်ပေါ် အရှုခံပေါ် လာခြင်းဖြစ် သောကြာင့် သတိရတိုင်းသာရှုပွားပါဘုရား။အဆင်ပြေ သွားပါလိမ့်မယ်ဘုရား။

သတိပဋ္ဌာန်မှ ဝိပဿနာကူးပုံ

ဓမ္မဓရ=== တပည့်တော် ရောက်နေသော သတိပဋ္ဌာန် အဆင့်မှ ဝိပဿနာ ဘယ်လိုကူးရမယ် ဆိုတာကို ဖြေကြားတော်မူပါဘုရား။

ဦးဝိဇယ=== သတိပဋ္ဌာန် တရား ပီပြင်ရင် ဝိပဿနာဉာဏ်က မခက်ပါဘူးဘုရား။ လွယ်ကူပါတယ်။ သတိပဋ္ဌာန်အစစ် ဖြစ်ဘို့သာ ခက်ပါတယ်။ လိုချင်၊ဖြစ်ချင်၊ ရချင်မှု ငြိမ်အေးအောင် (ပျက်နေတယ်)ဟု အေးအေးဆေးဆေး ရွတ်ရင်း ကိုယ့်ကိုကို သိရုံသိပြီးနေပါ။ ကိုယ့်ကိုကို သိရုံသိပြီးနေနိုင်ရင် ရုပ် နာမ (၂)ပါးတို့၏ ဖြစ်စဉ်မှာ ဝိဇ္ဇမာနပညတ်နယ် ကို ရောက်နေပါတယ်။ထိုရုပ်နာမ် ၂-ပါးတို့၏ ဖြစ်စဉ် တစ်စက္ကန့်သော အချိန်လေးကို ကုဋေ တစ်သိန်း ပိုင်းစိတ်ကြည့်ပါ။ ထို ကုဋေ တစ်သိန်းသော အပိုင်းအစိတ်တွင် ပါဝင်သောပညာဖြင့် နားလည် သဘောပေါက် လွယ်လို့သာရသော ဖြစ်ပျက်သဘော တစ်ခုသည် (ငါ့ဘဝဘဲ) ဟုနားလည်ပါ။ သိပေးပါ။ ထိုဖြစ်ပျက်သဘောလေး တစ်ခုသည်ပင် အကြောင်းမပါဘဲ ဖြစ်မရသောကြောင့် ကိုယ်ပိုင်အနှစ်မရှိသော မူလပျက်သဘော သုညကို နားလည် သဘောပေါက် ရမယ်ဘုရား။ အာရုံပြုသိလို့သာရသော သဘောနယ် သုညနယ်တွင် ပါဝင်သော ဘာမှ မဟုတ်သော သိစရာကို သိနေခြင်းသည် (ဝိပဿနာ)ဟုခေါ်ပါတယ်ဘုရား။ (ပျက်နေတယ်) ဟုရွတ်ရင်း ဘာမှ မဟုတ်သော သိစရာ ကိုသိနေခြင်းပါဘဲ ဘုရား။

ဓမ္မဓရ==== အရှင်ဘုရား သိခိုင်းတဲ့ အတိုင်း တပည့်တော် လုပ်ကြည့်ပါတယ်။ အခက်အခဲ တွေဖြစ်လာပါတယ်။ တစ်စက္ကန့်တွင် ကုဋေတစ်သိန်း စိတ်လိုက်ပြီး ထို အစိတ်ထဲမှ  တစ်ခုသောသိစရာဘဝ အစစ်ကိုရှာကြည့်ပါတယ်။ ဘယ်လိုမှ ရှာမတွေ့ဘဲ စိတ်ကျဉ်းကြပ်လာပါတယ်။ ပင်ပန်းသလိုဖြစ်လာပါတယ်။ နောက်တစ်ခုက ရုပ်နာမ် (၂)ပါး၏ အကြောင်းတွေက (ဘာတွေလဲ) ဟုလည်းရှာမိ ပြန်ပါတယ်။ နောက်တစ်ခုကတော့ သဘောနယ် သုညနယ် မှာ ပါဝင်သော သိစရာလေး ကိုသိပြီး အမြဲနေချင် လာတဲ့စိတ်တွေ ပေါ်လာပါတယ်ဘုရား။ သတိပဋ္ဌာန်လေးနဲပနေတုံး ကအဆင်ပြေ သလိုဘဲ၊ပညာနယ်ကိုကူး လိုက်မှ ပင်ပန်းဆင်းရဲ နေပါတယ်ဘုရား။ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ လမ်းညွှန်ပေး တော်မူ ပါဘုရား။အခက်အခဲတော့ တွေ့နေပါပြီ။

ဦးဝိဇယ==== ဒါကလွယ်ပါတယ်ဘုရား။အခက်ကြီးလို့ သိပ်မထင်ပါနဲ့။ဒီလိုပဲဖြစ် တတ် ပါ တယ်။ တရားးနာတုန်းကတော့ နားလည်သလိုလိုနဲ့ ခန္ဓာနဲ့ကိုက်ကြည့်ရင် အဲသလိုပဲ ဖြစ်တတ်ပါတယ်ဘုရား။တွေ့ချင်စိတ်ကြေင့် ဖြစ်တာပါဘုရား။

အရှင်ဘုရား အနေနဲ့စဉ်းစားကြည့်ပါ။ တစ်စက္ကန့်သည်ပင် အလွန်မြန်ပါတယ်။ ထိုတစ်စက္ကန့်ကို ကုဋေ တစ်သိန်းစိတ်လိုက်ပြီး ထိုအစိတ်ထဲမှ တစ်စိတ်ဆိုတော့ စိတ်မှာပုံဖော်ပြီးသိလို့ ရတော့မှာ မဟုတ်ပါဘူး။ ထိုတစ်စိတ်လေးသည်ပင် ဘဝအစစ်ဆိုတော့ (ဘဝဆိုတာ ဘာမှ မဟုတ်ဘူး) ဟုသာ သိခွင့်ရ တော့ပါတယ်။

ဘာမှ မဟုတ်သော ဖြစ်ပျက်သဘောမျှသာဖြစ်သော ဘဝအစစ်ကို အဟုတ်ထင်ခြင်း အဝိဇ္ဇာက လိုက်ရှာခိုင်းခြင်း ကြောင့်စိတ်ပင်ပန်းခြင်းဖြစ်ပါတယ်။ ဘာမှ မဟုတ်ခြင်း အမှန်တရားကို (ဘာမှ မဟုတ်ဘူး) ဟုသိလိုက်လျှင် အဟုတ်ထင်ခြင်း ချုပ်ငြိမ်း သွားပါ လိမ့်မယ်။အဟုတ်ထင်ခြင်း ချုပ်ငြိမ်းသွားလျှင် အဟုတ်ထင်ခြင်းကြောင့် လိုက်ရှာပြီး စိတ်ကျဉ်းကြပ် ဆင်းရဲတာတွေလည်း ငြိမ်းအေးသွားမှာ ဖြစ်ပါတယ်။ဘဝအစစ်အမှန်တရားကို ပြောပြခြင်းသည် လိုက်ကြည့်ဘို့ပြောတာ မဟုတ်ပါဘူး။ (နားလည်ဘို့ပြောတာပါ) ဟုမှတ်သား ထားပါ။

အကျဉ်းချုပ် အဓိပ္ပါယ်ကတော့ (ပျက်နေတယ်)ရွတ်ရင်း ဘာမှ မဟုတ်ကြောင်းကို နားလည် နေပါ။ အဓိက-ကတော့ အဟုတ်ထင်ခြင်း ပျောက်သွားဘို့ ပါဘဲဘုရား။

ဝိပဿနာဟူသည်–

ဤ နေရာ၌ (ဝိပဿနာ)ဟူသော ပါဠိ ၏ အဓိပ္ပါယ် ကို ပီပြင်စွာသိမြင်ရန်လိုအပ်ပါတယ်။ဝိပဿနာ၏ ဝိဂြိုလ်မှာ (ပညတ္တိဓမ္မံ ဝိနာထပေတွာ ပဿတီတိ ဝိပဿနာ= အဝိဇ္ဇမာန ပညတ် (၂)မျိုးကိုကင်းကွာထား၍ ရှုမြင်ခြင်းသည် ဝိပဿနာမည်၏။) ဟူသည်နှင့် အညီ ပညတ် (၂)မျိုးနယ်မှာ လွတ်သော သဘောနယ် သုညနယ်ကို ရှုနိုင်မှ ဝိပဿနာ ဖြစ်ပါတယ်။

သဘောနယ်မှာ သိရသော ဖြစ်ပျက်သဘောလေးကို အနှစ်သာရရှိတယ်ထင်နေမှာ ကြောင့် နောက်ဝိဂြိုလ် တစ်ခုက (အနိစ္စာဒိဝသေန ဝိဝိဓေဟိ အာကာရေဟိ ပဿတီတိ ဝိပဿနာ= အနိစ္စ ဒုက္ခ အနတ္တ တို့၏ အစွမ်းဖြင့် အထူးထူးသော အချင်းအရာတို့ဖြင့် ရှုတတ်သောကြောင့် ဝိပဿနာမည်၏ ) ဟုဆိုပြန်ပါတယ်။ဖြစ်ပျက်သဘောလေးကို အကြောင်းမပါရင် ဖြစ်နိုင် ပျက်နိုင်ခြင်း စွမ်းအားမှ ပျက်နေသောမူလပျက်သဘောကို မြင်အောင်ရှုရမည် လို့ ဆိုလိုပါတယ်။

လက္ခဏာ (၃)ပါးတို့၏ အဓိပ္ပါယ်မှာ အနိစ္စံ ခယဋ္ဌေန=ဖြစ်ပျက်သဘောတစ်ခု၏ ကိုယ်ပိုင်စွမ်းအား အနှစ်သာရ များမှ ကုန်နေသာကြောင့် (အနိစ္စ)မည်၏။

ဒုက္ခံ ဘယဋ္ဌေန= အကြောင်းရှိတိုင်း ဖြစ်ပျက်ရသော ဘေးအမြဲတမ်းတွေ့ ရသောကြောင့် (ဒုက္ခ)မည်၏။

အနတ္တ အသာရ ကဋ္ဌေန= ကိုယ်ပိုင်စွမ်းအား အနှစ်သာရများ မရှိသောကြောင့် (အနတ္တ)မည်၏။ဤ အဓိပ္ပါယ် အားလုံးသည် (သုညနယ်)၏ သိစရာကိုပင်ပြောသွားကြောင်း ထင်ရှားပါတယ်။

ဝိပဿနာကို ကာယကံ၊ ဝစီကံ၊မနော ကံ ဖြင့်ကြံတွေးလို့ရသော တရားများဟု ထင်နေမှာကြောင့်မို့ (ပညာဝေသာ အတ္ထတော=ဤ ဝိပဿနာ ဆိုသည် အဓိပ္ပါယ်အားဖြင့် ဘဝကို အသေးစိတ်သိတတ်သော ပညာသာဖြစ်၏)ဟု အဓိပ္ပါယ် ဖွင့် သွားပါတယ်။

ပညာကိုဖွင့်သော ဝိဂြိုလ်မှာလည်း -ပကာရေန ဇာနာတိ အနိစ္စာဒိ ဝသေန အယဗုဇ္ဈ တီတိပညာ= အနိစ္စ အစရှိသည် တို့ ၏ အစွမ်းဖြင့် အများအားဖြင့် (ပညတ် (၂)မျိုး နယ်ကို)ထိုးထွင်း သိတတ်သောကြောင့်(ပညာ)မည်၏— ဟုလာသောကြောင့် (ဝိပဿနာ) ဟူသောစကား ၏ အဓိပ္ပါယ်နှင့် ပညာ ဟူသောစကား၏ အဓိပ္ပါယ်မှာ အတူတူပင်ဖြစ်ပါတယ်။

ဤ နေရာ၌ ပညာနှ င့်ပတ်သက်၍ မှတ်သားရန်မှာ

(၁) ဓမ္မပဋိဝေဓလက္ခဏာ ပညာ= ပညာသည် သဘောနယ် သုညနယ် မှာရှိသော သဘောအထိ ပညတ်(၂) မျိုးကို ထိုးထွင်း၍ သိခြင်း အမှတ်အသား လက္ခဏာရှိ၏။

(၂) ဓမ္မနံ သဘာဝပဋိစ္ဆာဒက မောဟန္ဓကာရ ဝိဒ္ဓံသနရသာ= (၃၁)ဘုံမှာရှိသော တရားတို့၏ သဘော (၂)ခုကို (မမြင်နိုင်အောင်) ပညတ် (၂)မျိုးဖြင့် ဖုံးလွှမ်းတတ်သော မောဟအမိုက်မှောင်ကို ဖျက်ဆီးခြင်းကိစ္စရှိ၏။

(၃) အသမ္မောဟပစ္စုပ္ပဋ္ဌာနံ= အာရုံတွေမှာ မတွေဝေသောအားဖြင့် ထင်ရှားသော အချင်းအရာရှိ၏။

(၄) သမာဓိပဒဋ္ဌာနံ=(လိုချင်ဖြစ်ချင် ရချင်မှု၊ငြိမ်းအေးမှု) သမာဓိလျှင် နီးစွာသော အကြောင်းရှိ၏။

ဤလေးချက်ကို နားလည်အောင် စဉ်းစားကြည့် ပါဘုရား။

ဝိပဿနာ (၃)မျိုး

(၁) သညာသိဝိပဿနာ= အဝိဇ္ဇမာန ပညတ်နယ်မှာ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) ဟုရှုပွားခြင်း။

(၂) ဝိဉာဏ်သိဝိပဿနာ= ဝိဇ္ဇာမာန ပညတ်နယ်မှာ (အနိစ္စ၊ ဒုက္ခ၊အနတ္တ) ဟုရှုပွားခြင်း။

(၃) ပညာသိဝိပဿနာ= သဘောနယ်ကို သုညနယ်အထိ ရှုပွားခြင်းအားဖြင့် သုံးပါးရှိနိုင်ပါတယ်။ တစ်နှင့် နှစ်သည် (စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း) ကုသိုလ်ရအောင် ရှုပွားလျှင် ဝိပဿနာ အတု ဖြစ်ပါတယ်။ ကုသိုလ်ရအောင် မရှုပွားနိုင်လျှင် ဝိပဿနာ အတုပင် မဖြစ်ပါ။ ပညာသိဝိပဿနာ သည်ပင် ဝိပဿနာ အစစ် ဖြစ်ပါတယ် ဘုရား။ သာသနာနဲ့ တွေ့တယ် ခေါ်ပါတယ်ဘုရား။

ဓမ္မဓရ==ဝိပဿနာကို ကျယ် ကျယ် ပြန့်ပြန့် နားလည်ရသောကြောင့် တပည့်တော် ဝမ်းသာလှပါတယ် ဘုရား။ စိတ်ထဲမှာလည်း အလွနှ်ရှင်းလင်းပေါ့ ပါး သွားပါတယ်။ယခုခေတ် တရားအခြေအနေ ကို ကြည့်ကြမယ်ဆိုရင် အဝိဇ္ဇနာမ ပညတ်နယ်မှ လွန်မြောက်အောင် အတော်ကြိုးစားကြရ အုန်းမှာပါဘုရား။နှစ်ထမ်းကြာလေ (မသိစွဲ၊ အကောင်းစွဲ၊ အဆိုးစွဲ)တွေက အားကောင်းလေ ဖြစ်နေပါတယ်။ တပည့်တော် အနည်းငယ် အသိဉာဏ်လေး မြင့်လာတာကိုပဲ အဝိဇ္ဇနာမ ပညတ်နယ် က တရားသမားခေါ် အစွဲသမားတွေကို ထင်ထင်ရှားရှား တွေ့နေရတော့ (ပလတ်စတစ် လူရုပ် ကို တကယ့်လူထင်ပြီး ဆော့နေသော ကလေးတစ်ယောက်လို )မြင်နေသိနေရပါတယ်။ သနားစရာလည်းကောင်းပါတယ်။

သိစေချင်သော်လည်း (အမေချော့ သိပ်သော်လည်း ငါအိပ်မှပျော်မည်) ဟူသောစကားပုံ ကဲ့ သို့ဖြစ်နေပါတယ်ဘုရား။ အဟုတ်ထင်ခြင်း အဝိဇ္ဇာ ငြိမ်းမှ တွေ့နိုင်မဲ့တရားကို အဟုတ်ထင်ခြင်းခိုင်းသမျှ လုပ်နေလျှင် အမှန်နှင့် မတွေ့ဘဲ အမှားတွေသာ တွေ့ဘို့ များပါတယ်ဘုရား။

ဝိပဿနာတရားကို နယ်လေးပါးနှင့် ပိုင်းခြားခြင်း

ဦးဝိဇယ==ဤ နယ် (၄)ပါး တရားကို နာကြားပြီး တပည့်တော် သဘောပေါက်တာလေး လျှောက်ထား ပါအုံးမည် ဘုရား။(၃၁)ဘုံမှာ ရှိကြကုန်သော သတ္တဝါတွေဟာ အဟုတ်ထင်ခြင်း အဝိဇ္ဇာ ပိတ်ဖုံးထားသောကြောင့် အဆင့်မြင့်သိစရာများကို ဘာမှသိခွင့်မရကြပါဘူးဘုရား။တစ်ဘဝမှာ သင်ထားကြား ထားတဲ့ အသိတွေဟာလည်း အမှန်တကယ်မရှိသော ( အဝိဇ္ဇမာန ပညတ်နယ်) အထင် မျှသာဖြစ်သောကြောင့် ဘာတစ်ခုမှ ရေရာမှုမရှိကြပါဘူး။ မရေရာသော ဘဝမှာ မရေရာ သော အထင် အထည် တွေနှင့် ဆင်းရဲမျိုးစုံနှင့် သံသရာမှာ ခန္ဓာတွေဆက်ကာဖြစ်နေရပါတယ်။

မြတ်စွာဘုရားပွင့်လာမှသာ အဆင့်မြင့်သိစရာများကိုသိခွင့်ရကြပါတယ်။ ယခု အချိန်မှာလည်း ဘုရားအဆုံး အမ တွေရှိနေသေးသောကြာင့် ဘုရားရှိသကဲ့သို့ပင် တရားတွေဟာ အားကိုးလောက် ပါတယ်။ ဒါပေမယ့် ထိုတရားတွေဟာ ပါဠိစကားဖြင့်သာ တည်ရှိပါတယ်။ထိုပါဠိစကား၏ ဆိုလိုချက် အမှန်ကို သိဖို့ရန် မိမိခန္ဓာရှိ တရားများကိုမလေ့လာပဲ လုံးဝသိနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်ထင်ရာ ကိုယ့်စိတ်မှာ ပုံဖော်သည့်အတိုင်း ဘာသာပြန်ကြလျှင်လည်း အဆင့်မြင့် သိစရာများကို သိနိုင်ကြမှာ မဟုတ်ပါဘူး။ယခုခေတ် သာသနာလောကကြီးမှာ စာဘက်သန်သူများ ကလည်း ခန္ဓာဘက်သန် သူများ ကို အပြစ်ပြောနေကြပါတယ်။ ခန္ဓာနှင့်စာ တစ်သားတည်းဖြင့်မှ သာသ နာနှင့်တွေ့ရကျိုးနပ် ကြမှာပါဘုရား။ရရှိတဲ့ လက်ရှိဘဝ ကို အကျိုးရှိရှိ အသုံးချနိုင်ကြမှာပါဘုရား။

ဒါန၊သီလ ၊သမထ ၊ဝိပဿနာ ဟူသော အကျဉ်းချုပ် သာသနာ အလုပ်များကိုကြားရသောအခါ အဝိဇ္ဇာမာန ပညတ်နယ် မှာပင် သုံးမျိုးကွဲသွား လိမ့်မယ်။ ပထမဦးဆုံး ကြားရသောသူများမှာ (ဘာမှန်းမသိဘူး) ဟူသောစိတ်မှာ ပုံဖော်ပြီး အထင် အထည် ပေါ်လာလိမ့်မယ်။ ထို အထင်အထည် ပုံဖြင့်ပင် အဆင့်မြင့်သိစရာများကို သိခွင့်မရဘဲ အသိဉာဏ် ကန်းနေကြကုန်သော သတ္တဝါတွေများစွာရှိပါတယ်။ လူ့လောကကြီးမှာပင် အလွန်များပါတယ်။

မိမိ နှလုံးသွင်းမှားမှုကြောင့် ဘာသာစွဲ၊ပုဂ္ဂိုလ်စွဲများဖြင့် ဒါန၊သီလ၊ သမထ၊ဝိပဿနာ ဟူသောစကားကို ကြားရသောအခါ (ဆိုးတယ်)ဟူသော အထင် အထည် ကြီး စိတ်မှာပေါ်လာတတ်ပါတယ်။ ထို အထင်အထည်ကြီးကို မှန်မမှန် စိစစ်ခွင့်မရကုန်သော သတ္တဝါတွေလည်းမြောက်များစွာ ရှိနိုင်ပါတယ်။ဤ လူ့လောကကြီးမှာပင် အလွန်များပါတယ်။ တန်ဘိုးဖြတ်မရသော လူ့ဘဝ၏ တန်ဘိုးကို မသိဘဲ တန်ဘိုးမရှိသော အလုပ်တွေနှင့်သာ ဘဝနိဂုံးချုပ်ကြရပါတယ်။

(ဘာမှန်းမသိဘူး) ဟူသောအထင်အထည် နှင့် (ဆိုးတယ်) ဟူသော အထင် အထည် များကို ကျော်ဖြတ် ပြီး (ကောင်းတယ်) ဟူသောအထင်အထည်ပုံများ စိတ်မှာထင်လာပါတယ်။ ထို (ကောင်းတယ်) ဟူသော အထင်အထည် ပုံများ ကိုအမှီ ပြုပြီး စိတ်ထဲမှာ ကောင်းတယ် ထင်တာတွေ ပြုလုပ်နေကြပါတယ်။(စွန့်လွှတ်ခြင်း၊ ချမ်းသာခြင်း) စိတ်အစဉ် သည် ကောင်းတယ်ဟု အသိဉာဏ် အဆင့်မတက်သေးသမျှ အဝိဇ္ဇာမာန ပညတ်နယ်မှာ ကိုယ်ထင်ရာကိုယ်လုပ်နေကြပါတယ်။

ဗုဒ္ဓဘာသာလောကမှာ ကောင်းခြင်း အမှန်တရားကို မသိမမြင်ကြတဲ့အတွက်ကြောင့်ဒါန အမည်တပ်ပြီး ထင်ရာလုပ်ခြင်း၊ သီလ အမည်တပ်ပြီး ထင်ရာလုပ်ခြင်း၊ သမထ အမည် တပ်ပြိး ထင်ရာလုပ်ခြင်း။ ဝိပဿနာ အမည်တပ်ပြီး ထင်ရာလုပ်ခြင်း များပေါ်ပေါက်နေ ပါတယ်။အမှန်မသိသေးသရွေ့ ထိုအလုပ်များ ရပ်မည် မဟုတ်ပါဘူး။ငွေကုန်၊လူပန်း အချိန်ဖြုန်းပြီး တန်ဘိုးရှိလှတဲ့ လူ့ဘဝကို တန်ဘိုး မသိဘဲ သေသွားကြတဲ့ ပုဂ္ဂိုလ်တွေလည်း မြောက်များစွာရှိပါတယ်။

အဝိဇ္ဇာမာနပညတ်နယ်ကိုလွန်ပြီး ဝိဇ္ဇာမာနပညတ်နယ် အထိ အဆင့်မြင့်လာပြန်တော့လည်း ကိုယ့်အောက် အသိဉာဏ်နိမ့် သူများကများသောကြာင့် ရပ်တည်ရာ မရကြပါဘူး။ အသိဉာဏ်ဖြစ်စေ ချင်သော ဆန္ဒတွေကများပြီး ပြုလုပ်ပြောဆိုကာ ဖြစ်ချင် တိုင်းဖြစ်ရင် လောဘ၊ မဖြစ်လာလျှင် ဒေါသ များဖြင့် အောက်ဆင့်ကို သာပြန်ရောက်နေကြ ပါတယ်။ကိုယ့်အသိနဲ့ကိုယ် မနေနိုင်ဘဲ အနိမ့် အမြင့်ပြော ကာ ဆင်းရဲနေကြပြန် ပါတယ်။ လွတ်လပ်ခြင်း ၊ချမ်းသာခြင်း ကို မရနိုင်ကြပြန်ပါဘူး။အမှန်မဟုတ်သော အထင် အထည်ကြောင့် ဘဝရဲ့ရပ်တည်ရာကို မရနိုင်ကြပါဘူး။တရားသမားများသတိထားစရာဖြစ်နေပါတယ်။

ဝိဇ္ဇာမာနပညတ်နယ်ကိုကျော်လွန်ပြီး သဘောနယ်ကိုရောက်သော အခါ သဘောနယ်မှ သိစရာသည် အလွန်သိမ်မွေ့လွန်းနေပါတယ်။ သိမ်မွေ့သောသိစရာ ကိုသိမ်မွေ့သောစိတ်ဖြင့်သာ သိနိုင်သာကြောင့် အခါခပ်သိမ်းသိနိုင်ဘို့ ခက်ခဲနေပြန်ပါတယ်။

ဝိပဿနာ ဟူသောစကားကို စာအုပ်ဖတ်၍ ဖြစ်စေ၊ပြောပြ၍ ဖြစ်စေ၊ကြားရလျှင် (ဘာမှန်းမသိဘူး) ဟူသော အထင်အထည် အဆင့်၊ ဆိုးတယ်ဟူသော အထင်အထည် အဆင့်၊ (ကောင်းတယ်)ဟူသော အထင်အထည်အဆင့် အားဖြင့် (၃)ဆင့်သောအထင်အထည်နယ် သည် အဝိဇ္ဇာမာနပညတ်နယ် ဖြစ်ပါတယ်။

(ငါ့ ခန္ဓာကိုယ် )ဟူသော အစွဲကို စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း၊ အမှတ်အသား လက္ခဏာ ပါသော စိတ်အစဉ် အထင်အထည်ကို (ဝိဇ္ဇာမာန ပညတ်နယ်) ဟုခေါ်ပါတယ်။

ဝိဇ္ဇာမာန ပညတ်နယ် ဖြစ်သေ စိတ်အစဉ် အထင်အထည်ကို တစ်စက္ကန့်မှာ အစိတ်ေပေါင်းကုဋေ တစ်သိန်းစိတ်ပြီး ထိုအစိတ်များထဲမှ တစ်ခုသော ခန္ဓာစွဲကို (စွန့်လွှတ်ခြင်း၊ ချမ်းသာခြင်း) အမှတ်အသားပါဝင်သော ဖြစ်ပျက်သဘောလေးကို (သဘောနယ်)ဟုခေါ်ပါတယ်။

ထိုသဘောနယ်မှာပါဝင်သော ဖြစ်ပျက်သဘောလေး တစ်ခုသည် အကြောင်းမပါပဲ ဖြစ်လို့မရခြင်း၊ကိုယ်ပိုင်စွမ်းအားနှင့်ဖြစ်နိုင်ခြင်းမှ ကင်းဆိတ်ခြင်း၊ ကာလသုံးပါးတွင် ကိုယ်ပိုင်အနှစ်အသား မပါဝင်ခြင်းကြောင့် မူလ ဖြစ်ပျက်ခြင်းသဘောသည် (သုညနယ်)ဖြစ်ပါတယ်။

ဝိပဿနာဋ္ဌ တိုက်ရိုက်အဓိပ္ပါယ်မှာ သဘောနယ်နှင့် သုည နယ်ကို သိမြင်ခြင်းဖြစ်ပါတယ်။ ဝိပဿနာ အလုပ်ကို အားထုတ်တယ် ဆိုရာမှာ သဘောနယ် နှင့် သုည နယ်မှာရှိ သော သိစရာ အာရုံကို အာရုံပြုနေနိုင်သော အချိန်သည် ဝိပဿနာအားထုတ် တဲ့ အချိန်ဖြစ်ပါတယ်။ ပညတ် (၂)မျိုးကို အာရုံပြုအားထုတ်နေလျှင် (ဝိပဿနာ) ဟု နာမည်တပ်သော်လည်း ဝိပဿနာ အတုသာ ဖြစ်ပါတယ်။

ဘာကြောင့်ဝိပဿနာ အတုတွေ ဖြစ်နေရသလဲဆိုရင် အဝိဇ္ဇာမာန ပညတ်နယ် ကို အသိဉာဏ်ဖြင့် မကျော်လွန်နိုင်သောကြောင့် (ကောင်းတယ်)ဟူသော အထင်အထည်ဖြင့် ခန္ဓာကိုယ်ကို အမျိုးမျိုး ပုံစံချကာ ကောင်းတာတွေ့နိုးနိုးဖြင့် ပင်ပန်းဆင်းရဲနေကြပါတယ်။

စိတ်ကိုလည်းအမျိုး မျိုး ဘောင်ခတ်ချုပ်တည်းကာ ကောင်းတာတွေ့နိုးနိုးဖြင့် ကြိုးစားပင်ပန်းနေကြပါ တယ်။ ခန္ဓာကိုယ်ချုပ် ၊စိတ်ကိုလည်းချုပ်ပြီး ကြားဘူးတဲ့စကားများဖြင့် ထင်သလိုပုံဖေါ်ကာ ထင်တာတွေ တွေ့နိုးနိုးဖြင့် လိုက်ရှာနေကြပါတယ်။ တပည့်တော် ကိုယ်တိုင်ပင် အသိဉာဏ် မမြင်ခင်က နှစ်တော်တော် ကြာကြာလုပ်ခဲ့ဘူးပါတယ်။ဟုတ်သလိုလို ဖြင့် ဘာမှ မဟုတ်ခဲ့ပါဘူးဘုရား။

ဟုတ်သလိုလို ကို အဟုတ်ထင်ခြင်းမောဟ။အဝိဇ္ဇာ အားကောင်းလာလျှင် ထိုမဟုတ်တဲ့ အတု အလုပ် ကို စွန့်လွှတ်ဘို့ ခဲယဉ်းတယ်။အတုအလုပ်လို့ သိဘို့ရာပင် မလွယ်ကူတော့ပါဘူး။ရာထူးတိုးခြင်း၊အခြံအရံများခြင်း၊ ကျော်ကြားခြင်း အစရှိသော လောကီဂုဏ်များက ထပ်ဖိလိုက်အုံးမယ်ဆိုရင် လူတစ်ယောက်ကို မြင့်မိုရ်တောင်နဲ့ ဖိခံရသလိုဖြစ်လာပါတယ်။

သိဉ္စည်းဆရာကြီးကဲ့သို့ ရေလောင်းအိုးကြီး ဘဝမှ ရေထည့်အိုး ဘဝသို့အရောက်ခံနိုင်မှာ မဟုတ်ပါဘူး။မိမိ မသိမှုဖြင့်ပြခဲ့သော အလုပ်အတုကြီး ကို အလုပ်အစစ်ဖြစ်အောင် ဘုရားပါဠိတော်များကို ကိုးကားပြီး ကိုယ်ထင်ရာ ဆွဲပြော ကာ သာသနာပြုနာမည်တပ်ပြီး အသိဉာဏ်နည်းသူတွေ အလွန်များလာပါတယ်။တရား အစစ်အမှန် ကိုတွေ့ဘို့ အလွန်ခက်ခဲနေကြပါတယ်။အသိဉာဏ်ဖြင့် ကိလေသာ ငြိမ်းအေးအောင် မလုပ်နိုင်ကြ သောကြောင့် ကိလေသာအာရုံ ဂုဏ်လာဘ် ဘက်မှာ မျောနေကြသည်မှာ သနားစရာ ပင်ဖြစ်ပါတယ် ဘုရား။

အချို့သော တရားသမားတွေကတော့ အဝိဇ္ဇာမာနပညတ်ကို ကျော်လွန်ကြပါတယ်။ ဝိဇ္ဇာမာန ပညတ်နယ်ကိုရောက်တဲ့အခါ အမှန်တွေ့ ပြီထင်ပြီး ကိုယ့်ကိုကို အထင်ကြီးနေကြပါတယ်။ (သဘော၊သဘော) ဟူသော စကားကို တသောသော သုံးပြီး ကိုယ်ထင်ရာကိုယ်ပြောနေကြပါတယ်။ အနိမ့်အမြင့် တိုင်းပြီး ငြင်းကြ၊ ခုံကြ ပြောကြ ဆိုကြနှင့် တန်ဘိုးရှိသော လူ့ဘဝကို ဖြုန်းနေကြသည် မှာလည်း သနားစရာပင် ဖြစ်နေပြန်ပါတယ်။

မမြင်ဘူး မူးမြစ်ထင်–ဟူသောစကားပုံကဲ့သို့ ပါဠိစကားလုံး ကြီးကြီးသုံးပြီး နေကြပြန်ပါတယ်။ လွတ်လပ်ခြင်း၊ချမ်းသာခြင်း မရရှာကြပါဘူး။ အစဉ် သန္တန်ပညတ် ကိုပရမတ်ထင်ကာ အဟုတ်ထင်ခြင်း အဝိဇ္ဇာဓာတ်ကြီး လွှမ်းမိုး ဖိစီး ခံနေရပြန်ပါတယ်။

ထိုဝိဇ္ဇာအား ကောင်းရင် အားကောင်းသလောက် သမုဒယပွား ဒုက္ခတွေများနေကြပါတယ်။ လွတ်လပ်ခြင်း၊ချမ်းသာခြင်း ဟူသော ဝိမုတ္တိရသကို တွေးလုံးတွေနှင့် ဘဝဆုံးသွားကြပါတယ်။အစစ်ကိုမရဘဲ အတုနှင့်သာ ရင်ဆိုင် နေရပါတယ်။

သမထ—ကိုနယ်လေးပါးနှင့်ပိုင်းခြားခြင်း

ဤ နယ်လေးပါး ပိုင်းခြားပုံတရားဟာ နာလို့မဝနိုင်သော တရားဖြစ်ပါတယ်။ ထပ်ခါ ထပ်ခါ နာလေလေ အသိဉာဏ်ပို ရှင်းလေလေ ဖြစ်လာပါတယ်။ထို့ကြောင့် သမထ ကုသိုလ် ကိုလည်း နယ်လေးပါးဖြင့် ပိုင်းခြားဟောတော် မူပါဘုရား။

ဦးဝိဇယ== တရား အကြောင်းပြောရတာ ကြေးဖလားကြီး ပွတ်ရသလို ပွတ်လေ ဝင်းလေဖြစ်နေပါတယ်။ ဉာဏ်အမြင်တွေ ပိုပိုပြီး တပည့်တော်လည်း ရှင်းရှင်း လာပါတယ်ဘုရား။တရားနှင့်ဆိုင်ရာ သိချင်ရာကိုမေးပါ၊ အာမနာပါနဲ့၊ နှစ်ဦးနှစ်ဘက် အမြတ်ထွက် တာပေါ့ဘုရား။

သမထ ဟူသော စကားကိုကြားလိုက်သောအခါ အဝိဇ္ဇာမာန ပညတ်နယ်မှာ (ကောင်းတယ်)ဟူသော အထင်အထည် ။(မကောင်းဘူး) ဟူသော အထင်အထည်၊(ဘာမှန်းမသိဘူး)ဟူသော အထင်အထည် စိတ်မှာတစ်ခုခု ထင်လာပါတယ်။

ဝိဇ္ဇာမာနပညတ်နယ် ကတော့ စိတ်ထဲမှာ ပေါ်လာတဲ့အာရုံကို အမှီပြုပြီး (စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း) ဟူသော လက္ခဏာများ စိတ်အစဉ်မှာ အထင်အထည်ပေါ်လာခြင်းဖြစ်ပါတယ်။

အဝိဇ္ဇာမာန ပညတ်နယ်မှာပင် (၃)ဆင့်ရှိနေမယ်။ ပထမ အဆင့်မှာ (ဘာမှန်းမသိဘူး) အဆင့်မှာ သိနေမယ်။ ထိုအသိအတိုင်းပင် ထင်ရာလုပ်နေကြမယ်။ ဒုတိယအဆင့်မှာ (မကောင်းဘူး)ဟူသောအဆင့်မှာ သိနေမယ်။ ထိုအသိအတိုင်းပင် ထင်ရာလုပ်နေကြမယ်။ တတိယ အဆင့်မှာ (ကောင်းတယ်) ဟူသောအဆင့်မှာ သိနေမယ်။ ထိုအသိအတိုင်းပင် ကောင်းတယ် ထင်တာတွေ ထင်ရာ လုပ်နေကြမယ်။စွန့်လွှတ်ခြင်း၊ချမ်းသာခြင်းဟူသော လက္ခဏာ စိတ်အစဉ်ကို သိဘို့မတက်လာပဲ ကိုယ်ထင်ရာကိုယ်လုပ်ခြင်းကို အဝိဇ္ဇာ ဟုခေါ်ပါတယ်။

စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း စိတ်အစဉ် ဟူသော ဝိဇ္ဇာမာန ပညတ်နယ်သို့ တက်လာပြန်တော့လည်း ကိုယ့် ကိုကို အဟုတ်ထင်ပြီး အဝိဇ္ဇာမာန ပညတ်နယ်သမားတွေကို အပြစ်တင်တတ်ပြန်ပါတယ်။အနိမ့်အမြင့် ခွဲပြီး အပြစ်တင်ခြင်း၊ အဟုတ်ထင်ခြင်းကို -အဝိဇ္ဇာ -လို့ခေါ်ပြန်ပါတယ်။ သဘောနယ် ကို မရောက်သေး သမျှ စိတ်မှာလွတ်လပ်မှု မရပဲ အနိမ့် အမြင့်ကြားထဲမှာ အညှပ် အကြိတ်ခံ နေကြရပါတယ်။

သဘောနယ်ဆိုသည်မှာ ဝိဇ္ဇာမာန ပညတ်နယ်မှာသိရတဲ့ ဖြစ်စဉ် ပျက်စဉ် အထင် အထည်ကို တစ်စက္ကန့်တွင် အစိတ်ပေါင်း ကုဋေ တစ်သိန်း စိတ်ပြီး ထိုအစိတ်ထဲမှ တစ်ခုသော အစိတ်၏ ဖြစ်ပျက် သဘောလေးသည် သဘောနယ် ဖြစ်ပါတယ်။ ထိုသဘောနယ် သိစရာသည် စိတ်မှာ ပုံဖော်၍ လုံးဝမရဘဲ အသိပညာဖြင့်သာ သိလို့ရသော သဘောမျှ သက်သက် ဖြစ်ပါတယ်။

ထိုသဘောနယ် သိစရာကို အာရုံပြုနိုင်လျှင် အကောင်းအဆိုး အနိမ့်အမြင့် ခံစားချက် မရှိတော့ပါဘူး။ လွတ်လပ်ခြင်း၊ချမ်းသာခြင်းဖြင့် ပြည့်စုံလာပါတယ်။ အသိဉာဏ် အဆင့်မြင့်လာခြင်းဖြစ်ပါတယ်။

အဟုတ်ထင်ခြင်း အဝိဇ္ဇာ သည်အလွန်မြင်နိုင်ခဲပါတယ်။ သိမ်မွေ့ နက်နဲပါတယ်။ သဘောနယ်မှာသိရတဲ့ ဖြစ်ပျက် သဘောမျှလေးပင် (ဖြစ်ပျက်သဘောလောက်တော့ ကိုယ်ပိုင်စွမ်း အားဖြင့် လုပ်နိုင်တဲ့ သတ္တိလေးရှိနေတယ်) ဟုထင်နေတတ်ပါတယ်။

သုညနယ်ကို မသိရသေးသမျှ အလွန်သိမ်မွေ့၍ မြင်နိုင်ခဲသော အဟုတ်ထင်ခြင်း အဝိဇ္ဖာ သည် လုံးဝ မငြိမ်းသွားနိုင်ပါ။ ထို အဝိဇ္ဇာ ကိုပယ်နိုင်သော အရာမှာ သုည နယ်ကို သိမြင်နိုင်သော အသိဉာဏ်သာလျှင်ဖြစ်ပါတယ်။အခြား အဝိဇ္ဇာ ဉာဏ်များဖြင့် မပယ်သတ် နိုင်ပါ။

အဝိဇ္ဇာ ကိုပယ်လိုလျှင် သုညနယ်ကို သိအောင်လုပ်ရမည်။ သုညနယ် ဆိုသည်မှာ သဘောနယ်ဖြစ်သော ဘဝအစစ် ဖြစ်-ပျက် သဘောကလေးသည် အကြောင်းမပါဘဲ ကိုယ်ပိုင်စွမ်းအား အနှစ်သာရများဖြင့် လုံးဝ မဖြစ်နိုင်။ ကာလ သုံးပါးလုံးမှာ ကိုယ်ပိုင် အနှစ်အသားမှ ပျက်နေတဲ့ အတွက်ကြောင့် သုညသာဖြစ်ပါတယ်။

ဤ မူလပျက်သဘောကို (သုညနယ်)ဟုခေါ်ပါတယ်။သုညနယ်ကိုသိသော ဝိဇ္ဇာ ဉာဏ်ဖြစ်သော အခါ(သဘောနယ် ကို စွမ်းအားရှိတယ်) ဟု အဟုတ်ထင်သော အဝိဇ္ဇာ ပျောက်ငြိမ်းသွားပါတယ်။ အဝိဇ္ဇာ နယ်မှ လွတ်မြောက်သွားပါတယ်။သမထတရား ကိုဆုံးသည် အထိ လေ့လာခြင်းဖြစ်ပါတယ်။

အကျဉ်းချုပ်အားဖြင့် (အထင်အထည်)ဟူသော ပညတ်(၂) မျိုး နယ်သည် ထင်ရုံမျှသာရှိ၍ အမှန် မရှိသော ကြောင့် (ဘာမှ မဟုတ်ခြင်း၊ ဖြစ်ပျက်သဘောနှင့် မူလပျက်သဘော) ဟူသော သဘောနှစ်ခုနယ်သည် ထင်ရှားရှိသော်လည်း သိလို့သာရ၍ သုံးလို့မရသောကြောင့် ဘာမှ မဟုတ်ခြင်း၊ ဤ ဘာမှ မဟုတ်ခြင်း သဘောမှာသာ လမ်းဆုံးသွား ပါတယ်ဘုရား။

သီလ တရား ကို နယ်လေးပါးဖြင့် ပိုင်းခြားခြင်း

ဓမ္မဓရ==တရားသဘောတွေဟာ အလွန့် အလွန် တစ်ဆင့်ပြီး တစ်ဆင့် နက်နဲသွားတာကို သဘောပေါက်လိုက်ပါတယ်။ ဒါကြောင့်လည်း သမုဒ္ဒရာ နဲ့ ခိုင်းနှိုင်းသွားတာ ဖြစ်ပါလိမ့်မယ် ဘုရား။ တရားကိုမြင်နိုင် သကဲ့သို့ အဟုတ်ထင်ခြင်းအဝိဇ္ဇာ ကိုလည်းမြင်နိုင် ခဲပါတယ်။ တစ်စက္ကန့်၏ကုဋေ တစ်သိန်းစိတ်ပြီး ထိုကုဋေ တစ်သိန်းထဲမှာ မှ တစ်စိတ်သည် ဘယ်လိုမှ စိတ်မှာ ပုံဖော်လို့မရပဲ (ဖြစ်ပျက်သဘောမျှ) ဟုသာသိလို့ရသော ပရမတ္ထ တရားကို နားလည် သဘောပေါက် လိုက်ပါတယ် ဘုရား။ပညတ်နှင့် ပရမတ် တရားတွေကို ကွဲပြား ခြားနားစွာ သိမြင်လာပါတယ် ဘုရား။ အဝိဇ္ဇာ မာန ပညတ်နယ် နှင့် ဝိဇ္ဇာမာန ပညတ်နယ် (၂) ခုသည် ပညတ်နယ် များဖြစ်ပါတယ် ဘုရား။ သဘောနယ်နှင့် သုညနယ် နှစ်ခုသည် ပရမတ်နယ် ဖြစ်ပါတယ်ဘုရား။

ဤ ကဲ့သို့ ပညတ်နယ် ၏ ကျယ်ပြန့်ပုံ၊ ပရမတ်နယ်၏ နက်နဲပုံ ကိုသိခွင့်ရလို့ ဘုရားရှင်ရဲ့ ဉာဏ်တော်ကြီး ကို ကြည်ညို ခွင့် ရလာပါတယ်ဘုရား။ဤ နယ်လေးပါးကို ပိုပြီး ရှင်းလင်းစေရန် သီလ တရား ကိုလည်း နယ်လေးပါးဖြင့် ပိုင်းခြား ဟောကြားတော်မူ ပါဘုရား။

ဦးဝိဇယ== သီလဟူသော စကားကို ကြားရသိရသောအခါ (ကောင်းတယ်)ဟု စိတ်ထဲမှာ အထင်အထည်ပေါ်လာသော ပုဂ္ဂိုလ်များ။(မကောင်းဘူး) ဟု စိတ်ထဲမှာ အထင် အထည် ပေါ်လာသောပုဂ္ဂိုလ်များ။ (ဘာမှန်းမသိဘူး) ဟုစိတ်ထဲမှာ အထင်အထည်ပေါ်လာသောပုဂ္ဂိုလ်များ ဟု သတ္တဝါ အမျိုးအစား (၃)မျိုး ရှိပါတယ်။ မိမိတို့နှလုံးသွင်း အားလျော်စွာ စိတ်မှာ ပေါ်လာသောအထင် အထည်များကို==အဝိဇ္ဇာမာန ပညတ်နယ် ဟုခေါ်ပါတယ်။

ထိုအဝိဇ္ဇာမာနပညတ်နယ်ကို မိမိစိတ်မှာအထင် အထည်ပေါ်လာတိုင်း (ငါသိတာဟုတ်တယ်၊ သူများသိတာ မဟုတ်ဘူး) ဟုဘောင်ခတ်ပြီး အဟုတ်ထင်ခြင်းကို အဝိဇ္ဇာ လို့ခေါ်ပါတယ်။ထိုအဟုတ်ထင်ခြင်း အဝိဇ္ဇာ လွှမ်းမိုးခံရခြင်းကြောင့် သီလဆိုင်ရာမှာ အဟုတ်ထင်ခြင်း။ အမျိုးမျိုး ငြင်းခုံခြင်း အမျိုးမျိုးတွေ ဗုဒ္ဓ ဘာသာလောကမှာ ဖြစ်ပေါ်နေကြပါတယ်။ သီလနဲ့ ပတ်သက်ပြီး ရပ်တည်ရာမရ ဖြစ်နေကြပါတယ်။

(ကောင်းတယ်) ဟူသော အထင်အထည် တစ်မျိုး မှာပင် —ဟိုလိုလုပ်မှကောင်းတယ်၊ဒီလိုလုပ် မှကောင်း တယ်၊ ဟိုလိုနေ မှကောင်းတယ်၊ သည်လိုနေ မှကောင်းတယ်—–စသည်ဖြင့် ဆရာလုပ်သူများက လည်း ကိုယ့် အထင်အထည်ကိုပြကြကုန်၏။ တပည့်လုပ်သူတွေကလည်း ကိုယ်ပိုင်ဉာဏ်ဖြင့် မစဉ်းစားပဲ ခိုင်းသမျှလုပ်ပြီး အထင် အထည်တွေကိုပြကြပါတယ်။

အငြင်းပွားပြီး စွဲလန်းခြင်း၊ ဆင်းရဲခြင်း ဟူသော အကုသိုလ်တွေ သာ ပွားများကြပါတယ်။ သတိထားသင့် ပါတယ်။

သီလ၏ အဓိပ္ပါယ်မှာ —-သူတော်ကောင်းများက ဆိုးကျိုးပေး တတ်သောကြောင့် (မလုပ်ရဘူး)ဟုတားမြစ်ထားသော ကာယကံ၊ဝစီကံ ဆိုင်ရာ စည်းကမ်းချက်များ နှင့် စွဲလန်းသော အကုသိုလ် စိတ်များကို (စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း) ဟူသောအမှတ်အသား လက္ခဏာ စိတ်အစဉ်မှာ ဖြစ်ပေါ်ခြင်းကို (ဝါရိတ္တ သီလ)လို့ခေါ်ပါတယ်။

သူတော်ကောင်းများက ကောင်းကျိုး ပေးတတ်သောကြာင့် (လုပ်ရမည်)ဟုညွှန်ပြထားသော ကာယကံ၊ဝစီကံ ဆိုင်ရာ အလုပ်များကို လုပ်သောအခါ စိတ်အစဉ်မှာ စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း အမှတ်အသား ပါအောင် ပြုလုပ်ခြင်းကို (စာရိတ္တ သီလ)လို့ခေါ်ပါတယ်။

အချုပ်မှတ်ရန်မှာ နေ့စဉ် ညစဉ် ကာယကံ၊ဝစီကံ အလုပ်များကို အမှီပြုပြီး စိတ်အစဉ်မှာ (စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း)ဟူသောလက္ခဏာ အမှတ်အသားအစဉ် သန္တန်စိတ်မှာ ထင်သောအထင် အထည်များကို ဝိဇ္ဇာမာန ပညတ်နယ် ဟုခေါ်ပါတယ်။

သီလကုသိုလ်သည် စိတ်ကိုမှီ ဖြစ်ရသောကြောင့် တစ်စက္ကန့် ကို အစိတ်ေပေါင်းကုဋေ တစ်သိန်းစိတ်ပြီး ထို အစိတ်ထဲမှာ မှ ဖြစ်ပျက် တစ်ခုသည် သီလ ကုသိုလ်စိတ် ၏ အသက်ဖြစ်ပါတယ်။ ထိုဖြစ်ပျက် တစ်ခုသည်ပင် သီလ ဆောက်တည်သူ၏ ဘဝအစစ်ဖြစ် ပါတယ်။ထိုဘဝအစစ်ကို သိသောအခါ စိတ်အစဉ်မှာ ဘာပုံမှမပေါ်တော့ပါ။

ပညာရှိသော ပုဂ္ဂိုလ်များသာ နားလည် သဘောပေါက်နိုင်သော သဘောတရားဖြစ်ပါတယ်။ဤ ကဲ့သို့စိတ်မှာ ပုံမပေါ်တော့ပဲ နားလည် သဘောပေါက်ရသော သိစရာကို (သဘောနယ်)လို့ခေါ်ပါတယ်။ သဘောနယ်သည် သတိပညာဖြင့်သာ သိအပ်သောနယ် ဖြစ်ပါတယ်။ ဤသဘောနယ် ကိုနားလည်နိုင် သောသူ သည်လည်း ပညာရှိ သောပုဂ္ဂိုလ်သာဖြစ်ပါတယ်။

သဘောနယ် တွင်တွေ့ရသော သီလဆောက်တည်သူ၏ ဘဝအစစ်ကို (ဖြစ်ပျက်နိုင်သောစွမ်းရည်လေးရှိနေသေးတယ်)ဟုအဟုတ်ထင်ခြင်းမှာ အဝိဇ္ဇာ ဟုခေါ်ပါတယ်။ အလွန်ပအလွန် နူးညံ့သိမ်မွေ့သော အဝိဇ္ဇာ ကိလေသာဖြစ်ပါတယ်။

ထို အဝိဇ္ဇာ ကိလေသာတရားကို ပယ်လိုလျှင် စိတ်မှာပုံဖော်၍ မရ သိ၍သာ ရသောဖြစ်ပျက် သဘောသည်– ယောနိသောမနသိကာရ— ဟူသော အကြောင်းမပါပဲ လုံးဝမဖြစ်နိုင်၊ ဖြစ်နိုင်သော ကိုယ်ပိုင် စွမ်းအားလုံးဝ မရှိသော မူလပျက် သဘောသာဖြစ်ပါတယ်။မူလပျက်သဘောဟူသော သိစရာနယ် ကို သုညနယ်လို့ခေါ်ပါတယ်။

သီလကုသိုလ် တရားကို ဖြစ်ပျက် သဘောနှင့် မူလပျက် သဘောသိလျှင် သိစရာဆုံးသွားပါတယ်။သီလကုသိုလ်၏ အဆုံးကိုသိတယ်လို့ ခေါ်ပါတယ်။ ထိုနယ်မှာ အဟုတ်ထင်ခြင်း အဝိဇ္ဇာ လုံးဝ မဖြစ်နိုင်တော့ပါ။ထိုနယ်ကို အာရုံပြုနိုင်ရင် ပြုနိုင်သလောက် ငြိမ်းအေးသွား ပါတော့တယ် ဘုရား။

ဒါနတရားကို နယ်လေးပါး ဖြင့်ပိုင်းခြားခြင်း

ဓမ္မဓရ== ပညာပိုင်း ဆိုင်ရာ တရားတွေ နာရတာ တန်ဘိုးဖြတ် လို့ မရပါဘူး။ထပ်ခါထပ်ခါ နာရလေလေ အသိဉာဏ်တက်လေ ဖြစ်ပါတယ်ဘုရား။ ကိုယ်နားလည် ထားသော်လည်း ပြန်ပြောဘို့ အလွန်ခက်ပါတယ်။ အမှန်သိလိုက်တိုင်း သိလိုက်တိုင်း မြင့်မြင့်လာတယ်လို့ ခံစားရပါတယ် ဘုရား။တပည့်တော် ဉာဏ်က ချဲ့ထွင်ပြီး မသိနိုင်တော့ ဒါနတရားကို နယ်လေးပါးဖြင့် ဆက်လက် ဟောကြားတော်မူပါဘုရား။

ဦးဝိဇယ==(ဒါန) ဟူသော စကားကို ကြားရသိရ သောအခါ( ကောင်းတယ် ) ဟုစိတ်မှာ အထင်အထည် ပေါ်လာသူ များကတစ်စု ၊ (မကောင်းဘူး)ဟု စိတ်မှာ အထင်အထည် ပေါ်လာသူများက တစ်စု ၊ (ဘာမှန်းမသိဘူး) ဟု စိတ်မှာ အထင်အထည် ပေါ်လာသူများက တစ်စု အားဖြင့် ဒါန နှင့်ပတ်သက်ပြီး (၃)စု (၃)ပုံ ဖြစ်ပေါ်နေကြပါတယ်။

ထို(၃)စုထဲတွင် မိမိတို့ စိတ်ထဲမှာ တစ်ခုခု စိတ်မှာ ထင်လာခြင်းကို (အဝိဇ္ဇာမာန ပညတ်နယ်) ဟုခေါ်ပါတယ်။

ဒါန-ဟူသော စကား၏ အဓိပ္ပါယ်မှာ စိတ်အစဉ်မှာ ပစ္စည်းကို မှီ ပြီး (စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း)လက္ခဏာ အမှတ်အသား ဖြစ်ပေါ်နေခြင်းကို (ဝိဇ္ဇာမာန ပညတ်နယ်) ဟုခေါ်ပါတယ်။

(ဒါန)ဟူသော စကား၏ အဓိပ္ပါယ် အမှန်ကို (စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း၊စိတ်အစဉ်ဘဲ) ဟုမသိမမြင်ဘဲ(ကောင်းတယ်) ဟူသာ အထင်အထည် နယ်လောက်သာ သိမြင်သော (အဝိဇ္ဇာမာန ပညတ်နယ်) ကို အသိဉာဏ်ဖြင့် မကျော်လွန်နိုင်သော အဝိဇ္ဇာသမားတွေဟာ —ဒါန ကို ထင်သလို လုပ်နေကြပါတယ်။

ဥပမာ=== ကထိန်ဒါန အမည်တပ်ပြီး အရက်သောက်ခြင်း၊ ဖဲရိုက်ခြင်း စသည်များ ။ရှင်ပြုဒါန အမည်တပ်ပြီး ဝက်သတ်ခြင်း၊ ကြက်သတ်ခြင်း၊ ပွဲငှားခြင်း၊ အရက်သောက်ခြင်း စသည်များ၊ဒါန အမည်တပ်ပြီး သီလတွေ ပျက်နေကြတာ ဗုဒ္ဓဘာသာ လောကမှာ ပြောမကုန်အောင် မြောက်များစွာရှိပါတယ်။

ဒါနကို ကောင်းတယ်ဟု စိတ်မှာ အဝိဇ္ဇာ မာန ပညတ်ထင်လာ တာကို အကြောင်းပြုပြီး အဟုတ်ထင်ခြင်း အဝိဇ္ဇာ ကို ဖုံးလွှမ်းခံရသောကြောင့် ကောင်းတယ် ထင်တာတွေကို ပြုလုပ်ကာ သာသနာကြီးကို ဖျက်ဆီးနေကြပါတယ်။ ထင်ရာလုပ်ကြတော့ (ပါပသ္မိ ရမတိ မနော=စိတ်သည် မကောင်းမှု မှာပျော်မွေ့၏) ဟုလာသည့်အတိုင်း (စွဲလန်းခြင်း၊ ဆင်းရဲခြင်း)ဟူသော အကုသိုလ် သဘောတွေသာ အဖြစ်များနေကြပါတယ်။သနားစရာ လည်းကောင်းပါတယ်။

ပစ္စည်းကို အမှီပြုပြီး စွန့်လွှတ်ခြင်း ချမ်းသာခြင်း စိတ်အစဉ် မှာ ဖြစ်ခြင်းသည် (ဒါန)ဟု သိထားကြကုန်သော ဝိဇ္ဇာဉာဏ်သမားများမှာ

(ဘာဒါန-ညာဒါန) စသောအမည် များကို အရေးမကြီးပဲ စိတ်အစဉ်မှ (စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း) ဖြစ်နေအောင်သာ အရေးတကြီး ကြိုးစားကာ ပစ္စည်းများကို သာသနာ အတွက် အကျိုးရှိရှိ အသုံးချ နိုင်ကြပါတယ်။ သာသနာမှာ ဉာဏ်ရှိသူတွေ အလွန်လိုအပ်လှပါတယ်။

စွန့်လွှတ်ခြင်း၊ ချမ်းသာခြင်း စိတ်စဉ်သန္တန် ဟူသော အထင်အထည် ဝိဇ္ဇာမာန ပညတ်နယ် ကိုဒါပဲရှိတယ်–ဟုအဟုတ်ထင်ခြင်းကို (အဝိဇ္ဇာ)ဟုခေါ်ပါတယ်။ ထိုအဝိဇ္ဇာ ကင်းလိုလျှင် (စိတ်သည်-တစ်စက္ကန့်အတွင်းမှာ ကုဋေ တစ်သိန်း ဖြစ်ပျက်တယ်)ဟူသော ဘုရားတရားကို ထောက်၍ (ထို-ကုဋေတစ်သိန်း သော အစိတ်ထဲမှာမှ တစ်ခုသော ဖြစ်ပျက်သဘောလေးသာ အသက်ရှည်ပါတယ်။)ဟုနားလည် သဘောပေါက်ခြင်း ကို ဝိဇ္ဇာဉာဏ် ဟုခေါ်ပါတယ်။

ထိုဝိဇ္ဇာဉာဏ် ဖြစ်လာလျှင် အစဉ် သန္တန်ပေါ်မှာ အဟုတ်ထင်သော အဝိဇ္ဇာ ချုပ်ငြိမ်းသွားပါသည်။ ဘဝဟူသည် အလွန့် အလွန်တိုကြောင်းကို နားလည်ပြီး သဘောမျှသာ ဖြစ်သော ပစ္စုပ္ပန် ကိုသိလာပါတယ်။

အဝိဇ္ဇာ ၏ အဟုတ်ထင်ခြင်းသည် အလွန့် အလွန် သိမ်မွေ့ပါတယ်။ ကုသိုလ်စိတ်၏ စိတ်သန္တန်မှာ ဘယ်လိုမှ ထင်မရသော ဉာဏ်ဖြင့်သာ သိလို့ရသော ဖြစ်-ပျက်သဘောလေးကို (ဖြစ်-ပျက် နိုင်သော ကိုယ်ပိုင် အနှစ်သာရ ရှိတယ်) ဟု အဟုတ်ထင်နေပြန်ပါတယ်။မြင်နိုင်ခဲပါတယ်။

ထိုအဟုတ်ထင်ခြင်း အဝိဇ္ဇာ ချုပ်ငြိမ်းစေရန် ထိုဖြစ်ပျက်-သဘောမျှ ရှိသော ကုသိုလ်-ဒါနစိတ်လေးဟာ ယောနိသောမနသိကာရ -အကြောင်းမပါဘဲ လုံးဝ မဖြစ်ပါဘူး။ ဖြစ်-ပျက် နိုင်သောကိုယ်ပိုင် အနှစ်အသား လုံးဝ မရှိပါဘူး။ ကိုယ်ပိုင်စွမ်းအား- အနှစ်သာရများ ကာလသုံးပါးလုံး မှ မပါ-မရှိသော ကြောင့် မူလပျက် အနိစ္စ သဘော – သုညသဘောသာလျှင် ဖြစ်ပါတယ်။

ဒါန-ကုသိုလ်စိတ်သည် ပညတ်(၂)မျိုး၏ မရှိဘဲ ထင်ရုံမျှဖြစ်၍ ဘာမှ မဟုတ်ခြင်းနှင့် သဘော-(၂)ခု၏ ဘာမှ မဟုတ်ခြင်းမှာ လမ်းဆုံးသွားပါတယ်။ ဒါန-ကုသိုလ် ကို အဆင့်ဆင့် အဟုတ်ထင်ခြင်းသည် အဝိဇ္ဇာ ဖြစ်ပါတယ်။ ဒါန-ကုသိုလ် ကို အဆင့်ဆင့် ဘာမှ မဟုတ်မှန်းသိမြင်ခြင်းသည် (ဝိဇ္ဇာဉာဏ်)ဖြစ်ပါတယ်ဘုရား။

အကုသိုလ် ကို နယ်လေးပါး နှင့်ပိုင်းခြားခြင်း

ဓမ္မဓရ–ဤ နယ်လေးပါး ကိုကြားနာလိုက်ရတော့ တပည့်တော် မသိဘူးတဲ့ အသိထူးတွေ အများကြီး ရလိုက်ပါတယ် ဘုရား။ အဟုတ်ထင်ပြီး လေးပင်နေသော စိတ်လည်း ပေါ့ပေါ့ပါးပါး ဖြစ်သွားပါတယ်။ တပည့်တော်ဟာ အဝိဇ္ဇာမာနပညတ် နယ်မှာ ပင် အဟုတ်ထင်ပြီး တရားတောထဲ မျက်စိလည်ခဲ့ပါတယ်။ ယခုလို ကြားနာ လိုက်ရတော့ မှောက်ထားတဲ့ အိုးလှန်ပြလိုက်သလို မိုက်မှောင်နေသော နေရာမီးထွန်းပြလိုက်သလို စိတ်ထဲမှာ ရှင်းလင်းပေါ့ပါးသွားပါတယ်။ ပိုပြီးရှင်းလင်း သဘောပေါက်ရန် အကုသိုလ် ကိုနယ်လေးပါးနှင့် ပိုင်းခြားဟောကြားတော်မူပါဘုရား။

ဦးဝိဇယ—--အမှန်တရားကို လိုလိုချင်ချင် ဆောင်ထားချင်တဲ့ အရှင်ဘုရားလို ပုဂ္ဂိုလ်မျိုးကို တရား ဆွေးနွေး ပေးရတာ တပည့်တော်ရဲ့ စိတ်ထဲမှာ အရတော်တယ်။ ကံကောင်းတယ်ဟု ယူဆပါတယ်ဘုရား။အရှင်ဘုရား အတွက်လည်း အကျိုးရှိတယ်။တပည့်တော်အတွက်လည်း အကျိုးရှိတယ်၊မင်္ဂလာရှိပါတယ်။ ဘုရားသာသနာကို တတ်နိုင်သလောက် လက်တွဲပြီး ပြုကြတာပေါ့ ဘုရား။

အကုသိုလ် တရားကို နယ်လေးပါးခွဲခြားပုံ ဆက်လက်နာကြားကြည့် ပါဘုရား။ အကုသိုလ် တရား ဟုကြားလိုက်လျှင် (ဆိုးတယ်)ဟု အထင်အထည် စိတ်မှာပေါ်လာသော ပုဂ္ဂိုလ် ကတစ်စု၊ (ကောင်းတယ်) ဟု အထင်အထည် စိတ်မှာပေါ်လာသော ပုဂ္ဂိုလ်က တစ်စု ၊(ဘာမှန်းမသိဘူး) ဟု အထင်အထည် စိတ်မှာ ပေါ်လာ သော ပုဂ္ဂိုလ်က တစ်စု အားဖြင့် သတ္တဝါတွေကို စုလိုက်ရင် (၃) စုပဲရပါတယ်။စိတ်ထဲမှာ ပေါ်လာသော ထို အထင်အထည် တွေဟာ အဝိဇ္ဇာမာနပညတ်နယ် ဖြစ်ပါတယ်။

(စွဲလန်းခြင်း၊ဆင်းရဲခြင်း) ဟူသော အမှတ်အသား လက္ခဏာ စိတ်မှာတွေ့ပြီး အစဉ် သန္တန် အဖြစ်စိတ်မှာ အထင်အထည် ပေါ်လာခြင်းသည် အဝိဇ္ဇာမာနပညတ်နယ် ဖြစ်ပါတယ်။

ထိုအထင်အထည် (၂)မျိုးအနက် (အဟုတ်ရှိ၊ အမှန်ရှိ) ဟု အဟုတ်ထင်ခြင်းကို အဝိဇ္ဇာ ဟုခေါ်ပါတယ်။(အဟုတ်အမှန်မရှိ၊ အထင်အထည်မျှသာ ရှိတယ်) ဟု အမှန်အတိုင်းသိမြင်ခြင်းကို (ဝိဇ္ဇာဉာဏ်) ဟုခေါ်ပါတယ်။

တစ်စက္ကန့်ဟူသော ဘဝကို ကုဋေ တစ်သိန်းစိတ်ပြီး ထိုတစ်ခုသော ကုသိုလ်စိတ်၏ ဖြစ်ပျက်ခြင်းမျှ သဘောသည် (သဘောနယ်)ဖြစ်ပါတယ်။ ထိုဘာမှ မဟုတ်သော ဖြစ်ပျက်ခြင်းသဘော၏ အယောနိသောမနသိကာရ အကြောင်း မပါပဲ ဖြစ်မရ သောကြောင့်  ကိုယ်ပိုင် အနှစ်သာရ များ ကာလသုံးပါး လုံးတွင် မပါဝင်သော မူလပျက်သဘောသည် (သုညနယ်)ဖြစ်ပါတယ်။

ထိုသဘောနယ် မှာရှိသော ဖြစ်-ပျက် သဘောကို (ကိုယ်ပိုင် အနှစ်သာရ ရှိတယ် ) ဟု အဟုတ်ထင်ခြင်း ကို အဝိဇ္ဇာ လို့ခေါ်ပါတယ်။ သဘောနယ်မှာ ရှိသော ဖြစ်-ပျက် သဘောကို မူလပျက် သဘောဟု မူလပျက်သဘော တစ်ခုနှင့် သိမြင်ခြင်းကို (ဝိဇ္ဇာဉာဏ်) ဟုခေါ်ပါတယ်။

ကုသိုလ်တရား တစ်ခုကို ပညတ်(၂)မျိုး နယ်က မရှိသောကြောင့် ထင်ရုံမျှဖြစ်၍ ဘာမှ မဟုတ်ခြင်း သဘောနှင့် သုညနယ်က အထည်မရှိ ဉာဏ်ဖြင့် သိလို့သာ ရသောကြောင့် ဘာမှမဟုတ် ခြင်းဟု သိမြင်ခြင်းသည် ဝိဇ္ဇာဉာဏ် ဖြစ်ပြီး အဟုတ် ထင်ခြင်းကို (အဝိဇ္ဇာ)လို့ ခေါ်ပါတယ် ဘုရား။

ကုသိုလ်ကိုနယ်လေးပါးနှင့်ပိုင်းခြားခြင်း

ဘဝတစ်ခု  ရလာခြင်းသည်  ငါးနှစ် ဆယ်နှစ် တစ်ပြိုင်တည်းရလာခြင်းမဟုတ်ပါဘူး။ တစ်လ တစ်ရက် တစ်မိနစ်လည်း တစ်ပြိုင်တည်း ရလာခြင်းမဟုတ်ပါဘူး။ တစ်စက္ကန့်ချင်း တစ်စက္ကန့်ချင်း ရလာရတာဖြစ်ပါတယ်။တစ်စက္ကန့်  ကိုပင် ကုဋေ တစ်သိန်းစိတ်လိုက်ပြီး  ထိုတစိစိတ်သည် ပင် အသက်ရှည်ခြင်းဖြစ်ပါတယ်။

တစ်စက္ကန့်ကို  ဘာကြောင့် ကုဋေ တစ်သိန်းစိတ်ရလဲဆိုရင် (လျှပ်တစ်ပြက် မျက်စိတစ်မှိတ်အတွင်း  ရုပ်ပါင်း ကုဋေငါးထောင်ဖြစ်ပျက်တယ်။ နာမ်ပေါင်ကုဋေ တစ်သိန်း ဖြစ်ပျက်တယ်။)ဟုဘုရားဟောထားသောကြောင့် ဖြစ်ပါတယ်။

ထိုတစ်စက္ကန့် ကုဋေတစ်သိန်း အစိတ်ထဲမှ တစိတ်ကို ဘဝလို့ခေါ်ပါတယ်။ (မွေးသေ ) ဟုလည်းကောင်း (သဘောမျှ သက်သက် ) ဟု လည်းကောင်း နာမည်တပ် ပြောဆိုကြပါတယ်။

ကုသိုလ်တရားဟူသည် စိတ်မှာမှီ ပြီးဖြစ်ရသောကြောင့် စိတ်ဖြစ်ပျက်တိုင်း သူလည်းဖြစ်ပျက်နေရမည်။ တစ်စက္ကန့်တွင် စိတ်သည် ကုဋေ တစ်သိန်း ဖြစ်ပျက်  သောကြောင့် ကုသိုလ်တရားသည်လည်း  စိတ်နည်းတူ  ကုဋေတစ်သိန်း သာလျှင် ဖြစ်ပျက်နေမည်။

ရှာ၍ တွေ့နိုင်သော  တရားမဟုတ်။ နားလည်  သဘောပေါက်ရမည့် တရား သာဖြစ်ပါတယ်။ကုသိုလ်စိတ်သည် ထိုကုဋေ တစ်သိန်းသော အစိတ်များထဲမှ တစ်ခုသာ အသက်ရှည်ပါတယ်။ထိုကုသိုလ်စိတ် ၏ ဖြစ်ပျက်မှု သဘောကို နားလည် သဘောပေါက်  လိုက်လျှင် အဆင်းသန္တန် အထည်အထင်ကြီး ပျောက်ငြိမ်းသွားပါတယ်။

ဤသို့ အမှန်အတိုင်း သိမြင်ခြင်းကို (ဝိဇ္ဇာဉာဏ်လို့ ခေါ်ပါတယ်)။ဤ ဉာဏ်အားကောင်းရင် ကောင်းသလောက်  အဟုတ်ထင်ခြင်း အဝိဇ္ဇာ ကြောင့်  ဆူခြင်း ပူခြင်း များ ငြိမ်းအေး သွားပါတယ်။ဤ ဝိဇ္ဇာဉာဏ်သည် ဝိဇ္ဇာမာန ပညတ်နယ်ကို ကျော်လွန်ပြီး (သဘောနယ်)ကို သက်ဝင်သိမြင်လာပါတယ်။

တစ်စက္ကန့်အတွင်း ကုဋေတစ်သိန်း စိတ်ပြီး ထိုဖြစ်ပျက် တစ်စိတ်ဖြစ်သော ကုသိုလ်စိတ်ထဲတွင် အကြောင်းအကျိုး တရားပါဝင်နေပါတယ်။ စွန့်လွှတ်ခြင်း အမှတ်အသားလက္ခဏာ သည် အကြောင်းဖြစ်ပြီး ချမ်းသာခြင်းအမှတ်အသား လက္ခဏာသည် အကျိုးတရား ဖြစ်ပါတယ်။

ချမ်းသာခြင်း အကျိုးတရားသည်  စွန့်လွှတ်ခြင်း အကြောင်းတရား မပါပဲ လုံးဝ မဖြစ်နိုင်ပါဘူး။အတိတ်တုံးကလည်း မဖြစ်ခဲ့ပါဘူး။ ပစ္စုပ္ပန်မှာလည်း မဖြစ်နိုင်ပါဘူး။ အနာဂတ်မှာ လည်း အကြောင်း မပါပဲလုံးဝ ဖြစ်နိုင်မှာမဟုတ်ပါဘူး။

ကိုယ်ပိုင်စွမ်းအား အနှစ်သာရ ဖြင့် ဖြစ်နိုင်ခြင်းမှ မူလက ပျက်နေတဲ့သဘော ပဲရှိပါတယ်။မူလပျက် သဘောတရား ပဲရှိပါတယ်။

စွန့်လွှတ်ခြင်း လက္ခဏာ သဘောသည်လည်း နှလုံးသွင်းမှန်ခြင်း ယောနိသောမနသိကာရ ကြောင့်ဖြစ်ရပါတယ်။အကြောင်းတရား မပါဘဲ စွန့်လွှတ်ခြင်း သဘောသည် ကာလသုံးပါးလုံးမှာ လုံးဝ မဖြစ်နိုင်ပါဘူး။မူလပျက် သဘောသာရှိပါတယ်။

ဤ မူလပျက်သဘောကို နားလည် သဘောပေါက်လျှင် သုညနယ်ကို အသိဉာဏ် ရောက်ပါတယ်။တစ်စက္ကန့် အတွင်းမှာ ကုဋေတစ်သိန်း သော အစိတ်ထဲမှတစ်ခုသော ကုသိုလ်စိတ်၏ ဘာမှမဟုတ်ခြင်း သဘောတစ်ခုနှင့် ကိုယ်ပိုင်စွမ်းအားအနှစ်သာရ မှ မူလကပျက်နေသာ မူလပျက် သဘောတစ်ခုသာ ရှိတယ်ဟု အသိဉာဏ် ဖြစ်လာပါတယ်။

ဥပမာ–လူတစ်ယောက်မှာ ငွေတစ်ပြား ရှိတယ်ဆိုပါတော့။ ထို ငွေ တစ်ပြားဟာ ယခုခေတ် အနေနှင့် ဘာမှတန်ဘိုး မရှိပါဘူး။ဘာမှတန်ဘိုး မရှိသော ငွေတစ်ပြား သည်ပင်လျှင် သူတစ်ပါးဆိက ချေးထားရတာပါ ဆိုလျှင် ပိုပြီး အသုံးမကျတော့ပါဘူး။

ထို့အတူ ကုသိုလ်တရား တစ်ခုမှာ—- တစ်စက္ကန့် ၏ ကုဋေတစ်သိန်း အစိတ်ထဲမှ တစ်ခုသာဖြစ်၍ ဘာတန်ဘိုးမှ မရှိသည့် အပြင် အကြောင်းမပါရင် လုံးဝမဖြစ်နိုင်သော ကြောင့်ပို၍ တန်ဘိုး မရှိခြင်းဖြစ်ပါတယ်။

သိလို့ရသောအသေးဆုံး ကုသိုလ်စိတ် တစ်ခုကို  ဖြစ်ပျက်နိုင်သော ကိုယ်ပိုင် အနှစ်သာရ ရှိတယ်ဟု အဟုတ်ထင် နေသေးရင် (ငါသိတာပဲဟုတ်တယ်၊ ကျန်တာမဟုတ်ဘူး) ဟူသော အဓိပ္ပါယ်ပါနိုင် သေးသောကြောင့် အဝိဇ္ဇာ ဖြစ်ပါ တယ်။ အလွန်သိမ်မွေ့ပါတယ်။မူလပျက် –လို့သဘောပေါက်ရင်တော့ဝိဇ္ဇာ ဉာဏ်ဖြစ်ပါတယ်။

အကျဉ်းချုပ်လိုက်လျှင် —အဝိဇ္ဇာမာန ပညတ်နယ်နှင့် ဝိဇ္ဇာမာနပညတ်နယ် (၂)ခုသည် ဝိဇ္ဇာဉာဏ် ဖြင့် စိစစ်သောအခါ စိတ်မှာ ထင်ရုံမျှသာဖြစ်၍ အမှန်တကယ် အားဖြင့် မရှိသောကြောင့် ဘာမှ မဟုတ်ပါဘူး။

သဘောနယ်နှင့် သုညနယ် နှစ်ခုသည် အမှန်တကယ် အားဖြင့်ရှိသော်လည်း အသုံးမကျ အနှစ်သာရ လုံးဝ မရှိသောကြောင့် ဘာမှမဟုတ်ပါဘူး။

နယ်(၄)ပါးလုံး (ဘာမှ မဟုတ်ဘူး)ဟုသိမြင်ခြင်းသည် ဝိဇ္ဇာဉာဏ် ဖြစ်ပြီး ကိုယ်သိတာ အဟုတ်ထင် နေခြင်းသည် (အဝိဇ္ဇာ)ဖြစ်နေပါတယ်။စိတ်မှာထင်လာသော အထည် အထင်ကို ပယ်ရမှာ လုံးဝမဟုတ်ပါဘူး။ ထိုအထည် ကို မှီပြီး အဟုတ်ထင်ခြင်း အဝိဇ္ဇာ ကိုသာ ပယ်ရမှာဖြစ်ပါတယ်။