Skip to content

နာမ်-ရုပ် ကိုနယ် (၄)ပါး ၊နည်း (၄)ပါးဖြင့်ပိုင်းခြားခြင်း

ဓမ္မဓရ=== တပည့်တော် စာအုပ်တွေ တော်တော်မျာများ ဖတ်ခဲ့ပါပြီဘုရား။ ပဋိစ္စသမုပ္ပါဒ်ကို နယ်(၄)ပါး ၊နည်း (၄)ပါး နှင့်ရှင်းပြတာ မတွေ့ခဲ့ဘူးပါဘူး ။ အရှင်ဘုရား ရှင်းပြတာကို နာကြားရင်း တပည့်တော် တွေးမ်တာလေးကတော့ ( ငါတတ်ခဲ့သမျှ ၊ သိခဲ့သမျှ ၊မှတ်ခဲ့သမျှ ကျက်ခဲ့သမျှ ၊ ဘွဲ့တွေဟာ (မသိ ၊ကောင်း ၊ဆိုး ) ဟူသော အဝိဇ္ဇမာန ပညတ်နယ်  အောက် ဆုံး အဆင့်မှာပဲရှိပါသေးတယ် ။) ဟုတွေးမိပါတယ်ဘုရား။ အစတုန်းက (တရားနာရတာ ပျင်းစရာကောင်းတယ်) ဟုထင်ခဲ့ပါတယ်။ အခုတော့ တရားနာရတာ နာပြီးရင်း နာချင်ရင်း (ဝတယ်) ကို မရှိပါဘူးဘုရား။ပဋိစ္စ သမုပ္ပါဒ် ကို ဆက်ပြီး ဟောကြားတော်မူပါဘုရား။

ဦးဝိဇယ=== တရားကို စိတ်ဝင်စား တဲ့ အရှင်ဘုရား လိုပုဂ္ဂိုလ်မျိုးကို တရားရှင်းပြရတာ ပြောပြီးရင်း ပြောချင် ရင်း ဝတယ် မရှိပါဘူး ဘုရား။ တပည့်တော် ဆက်ရှင်းပြပါ့မယ်။

ဝိဉာဏ် ပြီးတော့ နာမ်-ရုပ် ဖြစ်ပါတယ်။

နာမ်-ရုပ် ဟူသော စကား ကိုကြားရသော အခါ မသိခြင်း အထင် ၊ ဆိုးခြင်း အထင် ၊ကောင်းခြင်း အထင်များ စိတ်မှာ ပေါ်လာပါတယ်။ စိတ်မှာပေါ်လာသော အထင် အမျိုးမျိုး ကို အဝိဇ္ဇမာန ပညတ်နယ် လို့ ဟုခေါ်ပါတယ်။

ထို အဝိဇ္ဇမာနပညတ်နယ် မှာပင် ( ကိုယ်ထင်ရာ ကိုယ်ဟုတ်၊ သူများထင်တာမဟုတ် ) ဟုဘောင်ခတ်ပြီး စိတ်ကြပ်နေခြင်း ကို အဝိဇ္ဇာ = အဟုတ်ထင်ခြင်း ဟုခေါ်ပါတယ်။အဝိဇ္ဇမာနပညတ်နယ်ကို ( အထင်မျှသာ ၊ ဘာမှ မဟုတ်ဘူး) ဟုသိမြင်သော ဝိဇ္ဇာဉာဏ် မဖြစ်နိုင်သေးသမျှ အောက်ဆုံး အဆင့် အဝိဇ္ဇမာန ပညတ် နယ် မှာပင် ( အကောင်းထင်လိုက် ၊ အဆိုးထင်လိုက် ၊ အမှန်မသိလိုက်) များ လှည့်ပတ် ဖြစ်ကာ ၊ ဒုက္ခမျိုးစုံ ကြုံကြရမယ် ။ ဘာကြောင့် ဆင်းရဲတာလဲဆိုရင် ( အဟုတ်ထင်ခြင်း  ၊ အဝိဇ္ဇာ ကြောင့် ဆင်းရဲ မျိုးစုံ ဖြစ်ပါတယ်။) ဟုဖြေလျှင် မမှားနိုင်ပါ။

ရုပ်တရား – ဟု နာမည် တပ်ခံရသော အရာမှာ ခန္ဓာကိုယ် ၏ မငြိမ်မသက် ဖောက်ပြန် ချက် အစဉ် ပင်ဖြစ်ပါတယ် ။ နာမ်တရား – ဟု နာမည် တပ်ခံရသော အရာ မှာ ခန္ဓာကိုယ် ၏ မငြိမ် မသက် ဖောက်ပြန်ချက် အစဉ် ကို နားလည်အောင် နာမ်- ဟု နာမည် တပ်ခေါ်ကြပါတယ်။ တရားကိုယ် မတွေ့ ၊ မသိပဲ ထင်သလို ပုံဖော်ပြီး ကိုယ်လိုသလို ဆွဲပြောနေခြင်းသည် အဝိဇ္ဇာ ပင်ဖြစ်နေပါတယ်။

ထိုဖောက်ပြန်မှု အစဉ် ၊ သိမှု အစဉ် ကို (ဒါပဲရှိတယ်၊ ကျန်တာတွေမရှိ) ဟုဘောင်ခတ်ထားပြီး လျှင်လည်း ၊ အဝိဇ္ဇာ ပင်ဖြစ်ပါတယ်။  အစဉ်သန္တန်သည်  ဝိဇ္ဇမာနပညတ် နယ်ဖြစ်ပါတယ်။

ဝိဇ္ဇမာန ပညတ်နယ်က ဝိဇ္ဇာသမားက မိမိသည်ပင် အဝိဇ္ဇမာန ပညတ်နယ် က တက်ခဲ့ရသည် ကို  သတိမရပဲ ဘဝမေ့ပြီး အဝိဇ္ဇမာနပညတ်နယ် က အဝိဇ္ဇာသမားနှင့် စိတ်ထဲမှာ ရန်ဖြစ်တတ်ပြန်ပါတယ်။

အဆင့်ဘယ်လောက် တက်တက် အဝိဇ္ဇာရှိသေးသရွေ့ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

ဖောက်ပြန်ခြင်း အစဉ် တစ်စက္ကန့်ကို ကုဋေ ငါးထောင်စိတ်ရမည်။ ထို ကုဋေ ငါးထောင်ထဲမှ တစ်စိတ်သည် ရုပ်သက် အစစ်ဖြစ်ပါတယ်။

သိမှု အစဉ်၏ တစ်စက္ကန့်ကို ကုဋေ တစ်သိန်းစိတ်ရမည်။ ထို အစိတ် ကုဋေတစ်သိန်း ထဲမှာ တစ်ခုသော သိပျက် သဘောလေးသည် နာမ်တရား၏ အသက် အစစ် ဖြစ်ပါတယ်။

ဤ ရုပ်နာမ် နှစ်ပါး တို့၏ လောက ထဲမှာ ရပ်တည်နိုင်ခြင်း ၊ အသက် အစစ် တစ်ခဏလေးကို အသိဉာဏ်နှင့် သိလိုက်ခြင်းသည် ဝိဇ္ဇာဉာဏ် ဖြစ်ပါတယ်။

ထိုဝိဇ္ဇာ ဉာဏ်ပေါ်လာသော အခါ အစဉ် သန္တန်ကို အဟုတ်ထင်သော အဝိဇ္ဇာ ကင်းပျောက် သွား ပါတယ်။ ဒါပေမယ့် (တစ်ခဏလေးသည် တစ်ခဏလေး နေနိုင် သော စွမ်းရည် သတ္တိ လေးတော့ရှိသေးတယ်) ဟု အဝိဇ္ဇာဖြစ်ပြန်ပါတယ်။ သဘောနယ် မှာ ဖုံးသော အဝိဇ္ဇာဖြစ် ပါ တယ်။

(ဝိဉာဏ် မပါဘဲ နာမ်ရုပ် မဖြစ်နိုင်သောကြောင့် ကာလ သုံးပါးလုံးမှာ  ကိုယ် ပိုင် အနှစ်သာ ရလုံးဝ မပါခြင်းကြောင့် မူလပျက် သဘောသာသာ ရှိသော နာမ်ရုပ်) ဟုနားလည် လျှင် သုည နယ် ကို ရောက်သွားပါတယ် ။

သုည နယ် အထိ ဉာဏ်ရောက်သွား လျှင် အဝိဇ္ဇာ လည်း အဟုတ်ထင်လို့ မရတော့ပါဘူး။ (ဘာမှ မဟုတ်ဘူး) ဟုသိသော ဝိဇ္ဇာဉာဏ်သာ ဖြစ်ပါတော့တယ်။ ယခုရှင်းပြခဲ့တာ ဟာ နာမ်ရုပ် ကို နယ် (၄)ပါး ဖြင့် ပိုင်းခြားခြင်း ပါပဲဘုရား။

နည်း (၄)ပါး ဖြင့်ပိုင်းခြားပုံကတော့ နာမ်ရုပ်(၂)ပါး ကို သဘောနယ် နှင့် သုည နယ် အထိ ပိုင်းခြားသိမြင်ခြင်း သည် ( အဗျာပါရ အနတ္တ နည်း) ဖြစ်ပါတယ်။ ဤနည်းဖြင့် သဘောသက္ကာယ မှာ ( အတ္တ-ရှိတယ်)ဟုထင်သော သက္ကာယဒိဋ္ဌိ နှင့် အတ္တဒိဋ္ဌိ ကိုပယ် ပါတယ်။

ဝိဉာဏ်နှင့် နာမ်ရုပ်တရား တို့ သည် ဆက်စပ်ပြီး ဖြစ်တယ် ။ ဟုသိမြင်ခြင်းသည် (ဧကတ္ထနည်း) ဖြစ်ပါတယ်။ ထို ဧကတ္ထနည်း က ( အဆက်အစပ်ပြတ်တယ်) ဟုထင်သော ဥစ္ဆေဒဒိဋ္ဌိ ကိုပယ်ပါတယ်။

ဝိဉာဏ် နှင့် နာမ်ရုပ် တရားတို့သည် (အနိမ့်အမြင့်ကွဲပြားပြီး ဖြစ်ကြတယ်) ဟုသိမြင်ခြင်းသည် (နာနတ္ထနည်း )ဖြစ်ပါတယ်။ ဤ နာနတ္ထနည်း က ( ဆက်စပ်ဖြစ်ရင် ပုံစံတူဖြစ်ရမယ် ) ဟုစွဲထင်သော သဿတဒိဋ္ဌိ ကိုပယ်ပါတယ်။

ဝိဉာဏ် နှင့်နာမ်ရုပ် တရားတို့သည် ( အကောင်းများ လျှင်အကောင်းဘက်၊ အဆိုးများလျှင် အဆိုးဘက်-ဖြစ်တတ်သောကြောင့် ပြုပြင်လို့ရတယ်) ဟုသိမြင်ခြင်း သည် (ဧဝံဓမ္မတာနည်း)ဖြစ်ပါတယ်။ ဤ ဧဝံဓမ္မတာ နည်းက

( အကြောင်းမရှိ၊ အကျိုးမရှိ။ ပြုပြီးနောင်မရှိ ) ဟုထင်သော အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ ကို ပယ်ပါတယ်ဘုရား။ ယခုရှင်းပြခြင်းသည် နည်း လေးပါးကို ရှင်းပြခြင်း ဖြစ်ပါတယ်ဘုရား။

ဝိဉာဏ်-တရား ကိုလည်း နယ်လေးပါး နည်းလေးပါး ဖြင့်ပိုင်းခြားခြင်း

ဝိဉာဏ်တရား ကိုလည်း နယ်လေးပါး နည်းလေးပါး နှင့် ရှင်းပြပါအုံးမယ် ဘုရား။ ဝိဉာဏ် ဟူ သော စကားကို ကြားသိရသောအခါ  မသိခြင်း အထင်၊ ကောင်းခြင်း အထင်၊ဆိုးခြင်း အထင် အားဖြင့် အထင် (၃)မျိုးတွင် တစ်ခုခု စိတ်မှာထင်လာပါတယ်။

စိတ်မှာထင်လာသော အထင် အထည် သိစရာကို (အဝိဇ္ဇမာန ပညတ်နယ်) ဟုခေါ်ပါတယ်။ စိတ်မှာထင်လာသည့်အတိုင်း  (ငါထင်တာအမှန်၊ အခြား အထင်အမှား) ဟု အဟုတ်ထင်ခြင်း၊ အဝိဇ္ဇာ ဟုခေါ်ပါတယ်။

စိတ်မှာ ထင်လာသော (အထင်အထည်တွေဟာ တကယ်မရှိ၊ ပြောဆို ဆက်သွယ် လို့ရရုံသာ တပ်ထားသော နာမည်မျှသာဖြစ်ပါတယ်။ ဟုသိမြင်ခြင်း ကို ဝိဇ္ဇာဉာဏ် လို့ခေါ်ပါတယ်။

ဝိဇ္ဇာ ဉာဏ်ဟူသော စကား၏ ခန္ဓာ တွင် တွေ့လို့ရသော တရားကိုယ်မှာ သိမှု အစဉ်သည် ( ဝိဇ္ဇမာန ပညတ်နယ် )ဖြစ်ပါတယ်။ ( မသိ၊ ဆိုး၊ကောင်း) ဟူသည်မှာ သတ်မှတ်ချက် အထင်မျှ သာ ဖြစ်ပါတယ် ။

အမှန်ရှိသော တရားမဟုတ်ပါ။ သိမှု အစဉ် ဝိဉာဏ်တရားကို (ဒါပဲရှိတယ်၊ တခြားဟာတွေ မရှိ)ဟု ဘောင်ခတ်ပြီး အဟုတ်ထင်လျှင် *အဝိဇ္ဇာ* ဖြစ်တယ်ခေါ်ပါတယ်။

သိမှု အစဉ် ဝိဉာဏ်တရားသည် (၁)နာရီ၊ (၁)မိနစ် တပြိုင်နက် ရ လာသည် မဟုတ်။တစ်စက္ကန့်ကို ကုဋေ တစ်သိန်းစိတ် ပြီး ထို အစိတ်ထဲ မှ တစ်ခုစီ  တစ်ခုစီသော ဖြစ်ပျက်သဘောလေးသာ တပြိုင်နက်ရခြင်း ဖြစ်ပါတယ်။

ထို ဖြစ်ပျက်သဘောလေးတွေ ကုဋေ တစ်သိန်းပေါင်းမိမှ တစ်စက္ကန့်ဖြစ်ပါတယ်။စက္ကန့် (၆၀) မှ တစ်မိနစ် ဖြစ်ပါတယ်။မိနစ် (၆၀) မှ တစ်နာရီ ဖြစ်ပါတယ်။

သိမှု ဝိဉာဏ်တရား၏ ကုဋေ တစ်သိန်းသော အစိတ် ထဲမှ တစ်ခုသော ဖြစ်ပျက်သဘောလေး သည် ( သဘောနယ်) ဖြစ်ပါတယ်။ ထိုသဘောနယ်တွင်သိရသော ဖြစ်ပျက်သဘောလေး တစ်ခုသည် ဝိဉာဏ်၏ ဘဝ အစစ်ဖြစ်ပါတယ်။

ဝိဉာဏ်၏ ဘဝ အစစ် ကို သိ ရသော အခါ ဝိဇ္ဇမာနပညတ်နယ် တွင်သိရသော အစဉ်သန္တန် များ အမှန်မရှိပဲ ၊စိတ်ထဲမှာ ထင်ရုံမျှသာ ဖြစ်ပြီး ဝိဉာဏ်၏ ဘဝ အတုသာဖြစ်ကြောင်းကို  မြင်သိခြင်းသည် * ဝိဉာဏ်*ဖြစ်ပါတယ်။

ထိုဝိဇ္ဇာ ဉာ ဏ် ထက် အဆင့်မြင့်သော အဝိဇ္ဇာ တရားရှိပါသေးတယ်။ ဖြစ်ပျက် သဘော လေး တစ်ခု သာရှိသော  ဝိဉာဏ်တရားကို ( ဒီ ဖြစ်ပျက်လောက် လောက်တော့ သူစွမ်းသေးတယ် )ဟု အဟုတ်ထင်သော အဝိဇ္ဇာတရားသည် ဖြစ်နေပြန်ပါတယ်။

ထိုဖြစ်ပျက်လေး တစ်ခုသည် သင်္ခါရ မပါပဲ လုံးဝ မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်တဲ့ အားမှ မူလက ပျက်နေသော ကြောင့် (သုည)သာ ဖြစ်ပါတယ်။ ဤ မူလပျက် သဘော သုည နယ် ကို သိလိုက်မှ အဝိဇ္ဇာ ဖြစ်ခွင့်မရပဲ ဝိဇ္ဇာ ဉာဏ်သာ ဖြစ်ပါတယ်ဘုရား။

နည်းလေးပါးနှင့်ပိုင်းခြားလိုလျှင် ၊ ဝိဉာဏ်တရားတစ်ခုကို ( ဖြစ်ပျက်သဘော နှင့် မူလပျက်သဘော ) ဟု ပိုင်းခြားသိမြင်ခြင်းသည်  အဗျာပါရ အနတ္တ နည်းဖြစ်ပါတယ်။ ဤ နည်းဖြင့် (ဝိဉာဏ်ကို အနှစ်သာရ ရှိတယ်။) ဟုထင်သော သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိကို ပယ်နိုင်ပါတယ်။

သင်္ခါရနှင့်ဝိဉာဏ်တို့သည် ဆက်စပ်ပြီးဖြစ်ကြတယ်ဟုသိမြင်ခြင်းသည် ဧကတ္ထနည်း လို့ ခေါ်ပါ တယ်။ ဤနည်းဖြင့် (တရားတစ်ခုသည် သဘော နှစ်ခုရှိတယ်၊ လုံးဝ မဆက်စပ်ဘူး)။ဟုထင်သော ဥစ္ဆေဒဒိဋ္ဌိ ကို ပယ်နိုင်ပါတယ်။

သင်္ခါရနှင့် ဝိဉာဏ်တရား တို့သည် ( သင်္ခါရ အနိမ်၊့အမြင့်၊ဝိဉာဏ် အနိမ်၊့အမြင့် ရှိကြတယ် ) ဟုသိမြင်ခြင်းသည် နာနတ္ထနည်းဖြစ်ပါတယ်။ ဤနည်းဖြင့် (ဆက်စပ်လျှင် ပုံစံတစ်မျိုးတည်း ဖြစ်ရမည်။) ဟုထင်သော သဿတဒိဋ္ဌိ ကိုပယ်နိုင်ပါသည်။

သင်္ခါရကောင်းသလောက်၊ ဝိဉာဏ်ကောင်းမည် ။ သင်္ခါရဆိုးသလောက် ဝိဉာဏ်ဆိုးမည် အကြောင်းအကျိုးတရား တွေဟာ များရာသို့ ဆောင်တတ်တယ် ဟုသိမြင်ခြင်းသည် ဧဝံ ဓမ္မတာ နည်း ဖြစ်ပါတယ်။

ဤနည်းဖြင့် ( အနိမ့်အ မြင့်ရှိလျှင် ပြောင်းလဲမှု မရှိတော့ဘူး။ လုပ်တိုင်း မဖြစ်ဘူး) ဟုထင် သော အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိကိုပယ်နိုင်ပါတယ်။

ဝိဉာဏ်အကြောင်း ဒီလောက်ဆိုနား လည်လောက်ပါပြီ။

သင်္ခါရကို နယ်လေးပါး နည်းလေးပါး ဖြင့်ပိုင်းခြားခြင်း

သင်္ခါရကို နယ်လေးပါး နည်းလေးပါး နှင့် ရှင်းပြပါအုံးမယ်။ (သင်္ခါရ)ဟူသောစကားကို ကြားသိရသော အခါ မသိခြင်းအထင်၊ ဆိုးခြင်း အထင်၊ ကောင်းခြင်းအထင်အားဖြင့် စိတ်ထဲမှာ အထင်အထည်များ ပေါ်နေပါတယ်။

ထို အထင် အထည်များကို အဝိဇ္ဇာမာနပညတ်နယ် ဟုခေါ်ပါတယ်။ အထင်အထည် မှန်သမျှ ထင်ရုံမျှသာဖြစ်၍ တကယ်မရှိသောကြောင့် ဘာမှ မဟုတ်ပါဘူး။ ဘာမှ မဟုတ်ဘူး ဟုသိခြင်းသည် ဝိဇ္ဇာဉာဏ်ဖြစ်ပါတယ်။ စိတ်မှာထင်တာကို အဟုတ်မထင်မိဘို့ အရေးကြီးပါတယ်။

စိတ်အစဉ်မှာ -စွန်လွှတ်ခြင်း အစဉ်ကို ပုညာဘိသင်္ခါရလို့ခေါ်ပြီး စွဲလန်းခြင်း အစဉ်ကို အပုညာဘိသင်္ခါရ ဟုခေါ်ပါတယ်။ စွန့်လွှတ်ခြင်း၊စွဲလန်းခြင်း အစဉ်သန္တန် သည် ဝိဇ္ဇာမာန ပညတ်နယ်ဟုခေါ်ပါတယ်။

ထို အစဉ်သန္တန်ဖြစ်သော ဝိဇ္ဇာမာန ပညတ်နယ် ကို (ဒါပဲရှိတယ်) ဟု အဟုတ်ထင်ခြင်းသည် အဝိဇ္ဇာ ဖြစ်ပါတယ်။ အစဉ်သန္တန် အားဖြင့် ထင်ရုံမျှပဲရှိတယ်။ အမှန်တကယ် မရှိသောကြောင့် (ဘာမှ မဟုတ်ဘူး) ဟုမြင်ခြင်း သည် (ဝိဇ္ဇာဉာဏ်)ဖြစ်ပါတယ်။

ထို စွန့်လွှတ်ခြင်း၊ စွဲလန်းခြင်း အစဉ်သန္တန် ကို တစ်စက္ကန့်တွင် ကုဋေ တစ်သိန်းစိတ်ပြီး ထိုအစိတ်ထဲမှ ဖြစ်ပျက်သဘော တစ်ခုသည် (သဘောနယ်) ဖြစ်ပါတယ်။ ထို သဘော လေးတစ်ခုကို  တန်ဘိုးမရှိသော်လည်း (ဖြစ်ပျက်သဘောမျှလောက်တော့ သူ့စွမ်းအား ရှိတယ်) ဟု အဟုတ်ထင်ခြင်းသည် အဝိဇ္ဇာ ဟုခေါ်ပါတယ်။

စွန့်လွှတ်ခြင်း၊ စွဲလန်းခြင်း ၏ တစ်ခုသော ဖြစ်ပျက်သဘောလေး သင်္ခါရတရားဟာ အဝိဇ္ဇာ အကြောင်းမပါပဲ ဖြစ်လို့မရပါဘူး။ အဝိဇ္ဇာ အကြောင်းမပါပဲ သင်္ခါရသည် သူ့ကိုယ် ပိုင်စွမ်းအားအနှစ်သာရများ  ဖြစ်ပျက်နိုင်သော စွမ်းရည်သတ္တိမျိုး ၊ အတိတ်  တုံးကလည်း မဖြစ်ခဲ့ဘူး၊ ပစ္စုပ္ပန်မှာလည်း မရှိဘူး။ အနာဂတ်မှာလည်းရှိမလာနိုင်ဘူး။

ကာလ (၃)ပါးလုံးမှာ ကိုယ်ပိုင်စွမ်းအား အနှစ်သာရ များ ကုန်ပျက်နေသောကြောင့် (မူလပျက်)သဘောဟု သိမြင်ခြင်းသည် ဝိဇ္ဇာဉာဏ်ဖြစ် ပါတယ်။ ဤ မူလပျက်သဘော နယ် ကိုပင် (သုညနယ်) ဟုလည်း ခေါ်ပါ တယ်။ယခုရှင်းပြခြင်းဟာ သင်္ခါရကို နယ် လေးပါးနှင့် ပိုင်းခြားခြင်း ဖြစ်ပါတယ်ဘုရား။

နည်းလေးပါး နှင့် ပိုင်းခြားပုံမှာ –သင်္ခါရတရားတစ်ခုကို (ဖြစ်ပျက်သဘောနှင့် မူလပျက်သဘော)ဟု ပိုင်းခြားသိခြင်းသည် အဗျာပါရအနတ္တနည်း ဖြစ်ပါတယ်။ ထိုနည်းဖြင့် သင်္ခါရ ဖြစ်ပျက်သဘောမှာ စွမ်းရည် ရှိတယ် ထင်သော သက္ကာယ ဒိဋ္ဌိ၊ အတ္တ ဒိဋ္ဌိ ကို ပယ်နိုင်ပါတယ်။

အဝိဇ္ဇာ နှင့် သင်္ခါရတို့သည် (ဆက်စပ်ပြီး ဖြစ်ပါတယ်) ဟုသိမြင်ခြင်းသည် ဧကတ္ထ နည်းဖြစ်ပါတယ်။ ထိုနည်းဖြင့် အဝိဇ္ဇာနှင့် သင်္ခါရတို့သည် ( ပြတ်တယ်) ဟုထင်သော ဥစ္ဆေဒ ဒိဋ္ဌိ ကိုပယ် နိုင်ပါတယ်။

အဝိဇ္ဇာ နှင့် သင်္ခါရတို့ သည် (အနိမ့် အမြင့် ကွဲပြားဖြစ်ကြတယ်) ဟုသိမြင်ခြင်းသည် နာနတ္ထ နည်းဖြစ်ပါတယ်။ ထိုနည်းဖြင့် အဝိဇ္ဇာ နှင့် သင်္ခါရ ဖြစ်ပုံခြင်း (တူရမည်) ဟုထင်သော သဿတဒိဋ္ဌိ ကို ပယ်နိုင်ပါတယ်။

အဝိဇ္ဇာ နှင့် သင်္ခါရတို့ သည် ပြုပြင်တိုင်းရ ၏ ဟု သိမြင်ခြင်း သည် ဧဝံဓမ္မတာ နည်း ဖြစ်ပါ တယ်။ ဤ နည်းအားဖြင့် ( အနည်း အများ ပြုပြင်လို့မရ )ဟုထင်သော အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိကို ကိုပယ်ပါတယ်။ ဤကား အဝိဇ္ဇာ နှင့် သင်္ခါရကို နည်းလေးပါး နှင့်ပိုင်းခြား ဖြေရှင်းနည်း ပါပဲ။

အဝိဇ္ဇာ – ကိုနယ်လေးပါး၊ နည်းလေးပါးဖြင့် ပိုင်းခြားခြင်း

ဓမ္မဓရ=== အရှင်ဘုရား ညွှန်ကြားတဲ့အတိုင်း များများရွတ်ပြီး ကြိုးစားကြည့် ပါတယ်ဘုရား။အလွန်သိမ်မွေ့တဲ့ အစွဲလေးတွေကို တွေ့လာရပါတယ်။ တပည့်တော် သိရုံလေးသိပြီး အေးအေးလေးနေတုံးက အစွဲရှိမယ်တောင် မထင်ခဲ့ပါဘူး။ (အစွဲတွေမရှိဘူး) ဟုလည်းထင်ခဲ့ပါတယ်။ (ပျက်နေတယ်) ဟုကြိုးစားပြီး ရွတ်သိတဲ့အခါမှ အစွဲအထင်တွေ အတော်များနေကြောင်း ကို သိရပါတယ်။ ရွတ်အားကောင်းလေ အစွဲတွေကို ကျော်လွန်သွားလေ၊ ငြိမ်းအေးမှု ရလေ ဖြစ်ပါတယ်ဘုရား။

ငြိမ်းအေးမှုရမှ အရှင်ဘုရားရှင်းပြတဲ့ သဘော (၂)ခုကလည်း ပိုပြီ သဘောပေါက်လာ ပါတယ်။ ပြောပြတုန်းက သဘောပေါက်တာနဲ့ အခုရွတ်လို့သဘောပေါက်တာ မတူပါဘူး။ ဘာကြောင့်မတူသလဲဆိုတော့ ပြောပြတုန်းက သဘောပေါက်တာက မှန်းပြီး တွေးပြီး သဘောပေါက်တာ ဖြစ်ပါတယ်။ ရွတ်လို့သဘောပေါက်တာကတော့ ကိုယ်တိုင်ရောက်ပြီး ခံစားရသလို သဘောပေါက်ပါတယ်။

(ငါ့ဘဝ၊ သူ့ဘဝ ) ဆိုတာ တစ်စက္ကန့် ကို ကုဋေ တစ်သိန်းစိတ်လိုက်ပြီး ထိုအစိတ်ထဲမှ ဖြစ်ပျက် သဘောလေး တစ်ခုကို ဘဝ-ဟုခေါ်တယ် ဆိုတာ ထင်ရှားစွာနားလည် လာပါတယ်။ထိုဖြစ်ပျက်သဘော လေး တစ်ခုသည်ပင် ကိုယ်ပိုင်စွမ်းအားအနှစ်သာရမရှိသော ၊ အကြောင်းပါမှ ဖြစ်နိုင်သော (မူလပျက် သဘော )ဟုသိရတာကလည်း ပိုပြီး နက်နဲလာပါတယ်။ ပျက်နေတယ် ဟုရွတ်ရင်း ပျက်နေတဲ့လောက သဘော ကိုသိရတာဟာ နက်နဲသောသိစရာကို သိနေရသောကြောင့် ဘဝဟာ ပိုပြီ အဓိပ္ပါယ် ရှိသော ဘဝ အဖြစ် ခံစားနားလည် လို့ရလာပါတယ်ဘုရား။ဘဝ၏ အဓိပ္ပါယ်ကို ကျယ် ကျယ် ပြန့်ပြန့်သိလေ ၊ငြိမ်းအေးတဲ့သဘောကို ခံစားလို့ရလေ ဖြစ်လာပါတယ်ဘုရား။

ဦးဝိဇယ=== အရှင်ဘုရား ပြောပြတဲ့ သဘောတွေ အားလုံးမှန်ပါတယ် ဘုရား။ ဒီ အတိုင်းလျှောက်ရင် လမ်းမှားစရာမရှိတော့ ပါဘူး။ အဟုတ်ထင်ပြီးကျေနပ်တဲ့စိတ် မပေါ်အောင်သာ ကြိုးစားပါဘုရား။ ဉာဏ်အမြင် ပို ရှင်းအောင် ပဋိစ္စသမုပ္ပါဒ် ကို နယ် (၄)ပါး၊ နည်း (၄)ပါးနှင့်ရှင်းပြပါ့မယ်။ ဂရုစိုက် နားထောင် ကြည့်ပါ။

အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ= အဝိဇ္ဇာ ကြောင့် သင်္ခါရ တို့ဖြစ်ကြ၏ –ဟုလာ ပါတယ်။( အဝိဇ္ဇာ) ဟူသော စကားကို ကြားရသောအခါ (ဘာမှန်းမသိဘူး )ဟူသော အထင်၊ (ကောင်းတယ်) ဟူသော အထင်၊ (ဆိုးတယ်) ဟူသော အထင်၊ ဤ အထင် (၃)မျိုး စိတ်ထဲမှာ အထည် သဏ္ဍန် အဖြစ် ပုံပေါ်ပါတယ်။

အဝိဇ္ဇာ -ဟူသော စကားလုံးကို မှီ ပြီး စိတ်မှာပေါ်လာပြီး အထင် အထည် ပုံကို (အဝိဇ္ဇမာန ပညတ်) နယ် လို့ခေါ်ပါတယ်။

ထို အဝိဇ္ဇမာန ပညတ်နယ် မှာ တွေ့ရသော အထင် အထည် ပုံကို အဟုတ်ထင် ခြင်းသည်  (အဝိဇ္ဇာ)ဟု အမည် တပ်ပါတယ်။ အဝိဇ္ဇာမာနပညတ်နယ် ကို ထင်ရုံမျှ ဖြစ်၍ အမှန်မရှိသောကြောင့် (ဘာမှ မဟုတ်ဘူး) ဟု သိခြင်း သည် ဝိဇ္ဇာဉာဏ် ဟု အမည်တပ်ပြီး ပြောပါတယ်။

အဝိဇ္ဇာ သည် စိတ်နှင့်မှီ ပြီး ဖြစ်ရပျက်ရသော စေတသိတ် ဖြစ်ပါတယ်။ စိတ်အစဉ်မှာ အဟုတ်ထင်ခြင်း အစဉ်ကို တွေ့လို့သိလို့ရပါတယ်။ ထို အဟုတ်ထင်ခြင်း အစဉ်ကို (ဝိဇ္ဇမာနပညတ်နယ်)ဟုခေါ်ပါတယ်။ဝိဇ္ဇမာန ပညတ်နယ် ကို မရောက်သေးသမျှ အဝိဇ္ဇမာနပညတ်နယ် မှာပင် ကျင်လည်နေရပါလိမ့်မယ်။ ဝိဇ္ဇမာနပညတ်နယ် ကိုရောက်သော အခါမှ အဝိဇ္ဇမာနပညတ်နယ် ကို အဟုတ်ထင်ပြီး လုပ်ခဲ့တာတွေ ပြောခဲ့တာတွေဟာ အမှားမျိုးစုံနဲ့ ရယ်စရာမျိုးစုံများသာဖြစ်ပါတယ်။

စိတ်အထင်မျှ ဖြစ်သော ဝိဇ္ဇမာနပညတ်နယ် ကို သဘောဟုနာမည်တပ်ခါ (အဟုတ်ထင်ခြင်း) အဝိဇ္ဇာ ဖြစ်နေတတ်ပါတယ်။  အစဉ်သည် အထင်သာ ဖြစ်ပါတယ်။ သဘောမှာ လုံးဝမထင်ရပါ။

ထို အဟုတ်ထင်ခြင်း အစဉ်ကို တစ်စက္ကန့်တွင် ကုဋေ တစ်သိန်းစိတ်ပြီး  ထို အစိတ်ထဲမှ တစ်ခုသာ ဖြစ်ပျက်သဘောသည် အဝိဇ္ဇာ = အဟုတ်ထင်ခြင်း၏  အသက်ဖြစ်ပါတယ်။ ထိုအဝိဇ္ဇာ ၏ အသက် ဖြစ်ပျက်သဘောလေးသည် စိတ်ထဲမှာပုံဖော်ပြီး အထင်တွေ အားလုံးဟာ ပညတ်များသာဖြစ်ပါတယ်။  ပရမတ်မှာသဘောမျှသာ ဖြစ်၍ ပုံမပေါ်ပါဘူး။ ထိုဖြစ်ပျက်သဘောလေးကို (ဒီဖြစ်ပျက် သဘော လေးလောက်တော့ ကိုယ်ပိုင်စွမ်းရည်ရှိတယ်) ဟု အဟုတ်ထင်ခြင်း အဝိဇ္ဇာ ဖြစ်တတ်ပြန်ပါတယ်။

တစ်စက္ကန့်ဖြစ်စဉ်ကို ကုဋေ တစ်သိန်းစိတ်ပြီး ထို အစိတ်ထဲမှ တစ်စိတ် သော (ဖြစ်ပျက်သဘော) အဝိဇ္ဇာလေးသည် အသဝ အကြောင်း မပါပဲ ကိုယ်ပိုင်စွမ်းအားဖြင့်လုံးဝ ဖြစ်လို့မရသောကြောင့် မူလပျက်သဘော သာဖြစ်ပါတယ်။

မူလပျက် သဘောထိ ဉာဏ်ငုံမိလျှင် နယ်(၄)ပါး ကို ပိုင်းခြားနားလည်ပါပြီ။ မူလပျက်သဘောကိုပဲသုညနယ် ဟုလည်းခေါ်ပါတယ်။ နာမည် သည် အဓိက မဟုတ်ပါဘူး။ ဉာဏ်ရောက်ပြီး အထင်ပျောက်ဘို့သာ လိုရင်းဖြစ်ပါတယ်။

အဝိဇ္ဇာ တရားတစ်ခုကို (ဖြစ်ပျက်သဘော နှင့် မူလပျက်သဘော )ဟုသိခြင်းသည် (အဗျာပါရ အနတ္တ နည်း)ဖြစ်ပါတယ်။ ဤ နည်းဖြင့် ဖြစ်ပျက်သဘောထဲမှာ (ကိုယ်ပိုင်စွမ်းအားရှိတယ်) ဟုထင်သော သက္ကာယဒိဋ္ဌိ၊ အတ္တ ဒိဋ္ဌိ ကိုပယ် ပါတယ်။ ဖြစ်ပျက်သဘောမျှ ကု ထင်ရှားသောကြောင့် သက္ကာယ ဟုခေါ်ပါတယ်။

(အာသဝနှင့် အဝိဇ္ဇာ တို့သည် ဆက်စပ်ပြီး ဖြစ်ကြတယ်) ဟုသိခြင်းသည် (ဧကတ္ထနည်း) ဖြစ်ပါတယ်။ ဤ ဧကတ္ထနည်း က အကြောင်းအကျိုး တွေဟာ (ပြတ်တယ်) ဟူသော ဥစ္ဆေဒ ဒိဋ္ဌိကို ပယ်ပါတယ်။

(အာသဝ အနိမ့်အမြင့်၊ အဝိဇ္ဇာ အနိမ့်အမြင့် ရှိတယ်)ဟုသိခြင်းသည် (နာနတ္ထနည်း) ဖြစ်ပါတယ်။ ဤနာနတ္ထနည်း ကအကြောင်းအကျိုးတရားတွေဟာ (တူညီရမည်)ဟုထင်သော သဿတဒိဋ္ဌိ ကိုပယ်ပါတယ်။

(အာသဝ နှင့် အဝိဇ္ဇာ အကြောင်းအကျိုးတရားတို့သည် များရာတရားက နည်းရာတရားကို ဖိနှိပ်၍ ဆောင်၏) ဟုသိခြင်းသည် (ဧဝံဓမ္မတာနည်း) ဖြစ်ပါတယ်။ဤဧဝံဓမ္မတာနည်းက -လောကကြီးကို ပုံသေထားချင်သော အဟေတုကဒိဋ္ဌိ ၊အကိရိယဒိဋ္ဌိကို ပယ်နိုင်ပါတယ်။ ယခုရှင်းပြခြင်းဟာ အဝိဇ္ဇာ တရားကို နည်းလေးပါးနှင့်ရှင်းပြခြင်းဖြစ်ပါတယ်ဘုရား။

လိုချင်၊ဖြစ်ချင်၊ရချင်မှုများ၊ငြိမ်းလိုငြား

ဓမ္မဓရ===တရားသဘော တွေ၏ အလွန့် အလွန် သိမ်မွေ့နက်နဲကြောင်းကို ဤနည်း(၄)ပါး နာကြားရတဲ့အခါ တပည့်တော် သဘောပေါက်လာပါတယ်။ နားလည် သဘောပေါက် အောင် မနာကြားဘဲနဲ့ နာကြားနိုင်တဲ့ နားမရှိဘဲနဲ့ တရားအားထုတ် လို့မရပါဘူး။ ကိုယ်ကိုယ်တိုင် စွဲနေမှန်းမသိသေးတဲ့ အစွဲတွေ အများကြီး ရှိနေသေးတော့ ငါသိ ငါတတ်လုပ် သူတွေ အတွက် အမှန်တရားနဲ့ အလွန်ဝေးကွာနေပါတယ်။ ဆုံးမစရာရှိရင် တပည့်တော် ကို အားမနာတမ်း ဆုံးမပါဘုရား။ တပည့်တော် လိုက်နာ ဘို့ အသင့်ပါဘုရား။

တပည့်တော် သဘောပေါက်ထားတာလေးကို လျှောက်ပါရစေဘုရား။

လိုချင် ဖြစ်ချင် ရချင်မှုများ ပေါ်ခွင့်မရအောင် (ပျက်နေတယ်- ပျက်နေတယ် ) ဟု စိတ်ရော နှုတ်ပါ အေးအေးဆေးဆေး ရွတ်ပါတယ် ဘုရား။ ဝီတိက္ကမ ကိလေသာ နှင့် ပရိယုဋ္ဌာန သိလေသာ ကို တဒင်္ဂ၊ဝိက္ခမ္ဘဏ အားဖြင့် ပယ်နိုင်သောကြောင့် ( သီလနှင့် သမာဓိ အလုပ်လုပ်ရတယ်) ဟု သဘောပေါက်ပါတယ်ဘုရား။

လိုချင် ၊ဖြစ်ချင် ၊ရချင် တဲ့ အဓိပ္ပါယ်တွေကလည်း အလွန်များပြီး အလွန်နက်နဲပါတယ်။ တပည့်တော် နားလည် သလောက်ပြောရရင် အဝိဇ္ဇာမာန ပညတ်နယ်မှာပင် မသိခြင်းအထင်၊ ဆိုးခြင်းအထင်၊ကောင်းခြင်း အထင် ဤ (၃)မျိုးမှာ တစ်ခုလျှင် (၂)မျိုးစီ အဓိပ္ပါယ်ထွက် နေပါ တယ်။

မသိခြင်းအထင်ဖြင့် လိုချင်တတ်၊ ဖြစ်ချင်တတ် ရချင်တတ်ပါတယ်။ ဆိုးခြင်းအထင်ဖြင့် လိုချင်၊ ဖြစ်ချင် ၊ရချင်တတ်ပြန်တယ်။ ဆိုးခြင်းအထင်မှ လွတ်မြောက်ခြင်းကိုလည်း လိုချင်၊ ဖြစ်ချင် ၊ရချင်တတ်ပါတယ်။

ကောင်းခြင်းအထင်ဖြင့် လိုချင် ဖြစ်ချင် ရချင်တတ်ပါတယ်။ကောင်းခြင်း အထင်မှ လွတ်မြောက်ခြင်း ကိုလည်းလိုချင် ဖြစ်ချင် ရချင်တတ်ပါတယ် ဘုရား။

ထို (၆) မျိုးသော လိုချင် ၊ဖြစ်ချင်၊ ရချင် မှုများကြောင့် စိတ်ထဲမှာ ဆူပူထကြွ သောင်းကျန်း သော ပရိယုဋ္ဌာန ကိလေသာ တွေဖြစ်ကြပါတယ်။ ထို ပရိယုဋ္ဌာန ကိလေသာ တွေကြောင့် ကာယ ကံ ကျူးလွန်ခြင်း ၊ဝစီကံကျူးလွန်ခြင်းဟူသော ဝိတိက္ကမ ကိလေသာ တွေဖြစ်ကြပါ တယ်။

ထို အစွဲမျိုးစုံနှင့် ဆူပူခြင်း ၊ လွတ်ကျူးခြင်း မျိုးစုံတွေကို (ပျက်နေတယ်) ဟုအေးအေး ဆေးဆေး ရွတ်ခြင်း ဖြင့်ပယ်သတ်နိုင်ပါတယ်။ (ပျက်နေတယ်) ဟုအေးအေးဆေးဆေး ရွတ်ခြင်း သည် သီလတွေ လုံခြုံပြီး ၊သမာဓိတွေပြည့်စုံစေပါတယ်။

ရွတ်လေ အကျိုးရှိလေဖြစ်တာကို ခံစားလို့ရပါတယ်ဘုရား။ ကိလေသာ (၂)မျိုးကို အလွယ်တကူငြိမ်း စေသောကြောင့် ဤနည်းလေးဟာ မြန်ကောင်းသက်သာလှပါတယ် ဘုရား။

လုပ်ကြည့်သူတိုင်း သိနိုင်ပါတယ်။ ပြောပြရုံနှင့်တော့ လုံးဝ မတွေ့နိုင် ၊မခံစားနိုင်ပါဘူး။

အမည် မတပ်ပဲ ၊ကိုယ့်ကိုကို သိရုံသာသိပါတယ်။ ( ပျက်နေတယ် လို့လည်း ရွတ်ရသေးတယ် ၊ကိုယ့်ကိုကိုလည်းသိရသေးတယ်) ဟု အလုပ် (၂)ခု ထင်စရာရှိပါတယ်ဘုရား။ ထိုင်ရင်းနဲ့ ပျက်နေတယ် ဟုရွတ်ရင်း ၊ထိုင်တာ လည်းသိရုံ သိနေပါတယ်။ ရပ်ရင်းနဲ့ (ပျက်နေတယ်) လို့ရွတ်ရင်း  ရပ်တာလည်း သိရုံ သိနေပါတယ်။ သွားရင်း နဲ့ ပျက်နေတယ် ဟုရွတ်ရင်း သွားတာလည်း သိရုံ သိနေပါတယ်။လျောင်းရင်းနဲ့ ပျက်နေတယ်ဟုရွတ်ရင်း လျောင်းတာ လည်း သိရုံသိ နေပါတယ်။

သွား၊ရပ် ၊ထိုင်လျောင်း ဟူသော ဣရိယာ ပုတ် အမည်များကို ပြောရသော်လည်း (ပျက်နေ တယ် ) ဟု ရွတ်ရင်း သိရုံသိကြည့်တဲ့အခါမှာ သွားရပ် ထိုင်လျောင်း ဟူသော အမည်များ မပါ တော့ပါဘူး ဘုရား။

ကိုယ့်ကိုကို သိဟူသောစကားနှင့် တစ်ထပ်တည်း တစ်သားတည်း ဖြစ်သွားပါတယ်။ (ပျက်နေတယ်) ဟုရွတ်ရသော အလုပ် ၊ကိုယ့်ကိုကို သိရသော အလုပ် ဟု အလုပ်(၂)မျိုး မကွဲတော့ပဲ ပျက်နေတယ်ဟု ရွတ်ရသော အသိမှာပင် ကိုယ့်ကိုကို သိရုံသိသော အသိပါ ဝင်နေပါတယ်။

ယခုပြောပြတဲ့ ကိုယ့်ကိုကိုသိ ဟူသော အဓိပ္ပါယ်မှာ  အလွန်လွယ်ကူပါတယ်။ လွယ်လွန်း သောကြောင့် တရား ဟု မထင်ကြပါဘူး။ လွယ်လွန်းတာ ကိုပြောရတာဟာ တစ်ဘက်လူက အထင်လွဲသွားနိုင်သေကြောင့် ပြောရတာ အလွန်ခက်တယ် ဟုထင်ပါတယ်။ ကိလေသာ တွေက (လွယ်တာကို ခက်တယ်၊ ခက်တာကိုလွယ်တယ် ) ဟုပြောင်းပြန် ပုံဖော် ထားသော ကြောင့် အမှန်တရားနဲ့ ဝေးနေကြတာ ပါဘုရား။ အမှန်တရားသည် လွယ်ကူစွာ သိလို့ ရသော မိမိခန္ဓာ မှာပင် ရှိနေပါတယ်ဘုရား။

ဤ ကိုယ့်ကိုကို သိ ဟူသော သတိ နယ်မှာ ချမ်းသာအစဉ်၊ ဆင်းရဲ အစဉ် ၊ ချမ်းသာဆင်းရဲမှ လွတ်သော ဥပေက္ခာ အစဉ် အားဖြင့် အစဉ် (၃)ပါး ကိုတွေ့သိနိုင်ပါတယ်။

ထို အစဉ်ပေါ်မှာပင် သိနေရခြင်းဖြစ်ပါတယ်။ နာမည်တပ်လို့သာ ပြောရသော်လည်း ၊နာမည်ကို မတွေ့ရပဲ  အစဉ်လောက်သာ တွေ့ရပါတယ်။ ဝိဇ္ဇာ မာန ပညတ်နယ်မှာ နေရခြင်း သည် သတိ အစစ်လေးနဲ့ နေရသောကြောင့် အလွန်နေလို့ ကောင်းပါတယ် ဘုရား။ တစ်ခါတစ်ခါမှာ ပျက်နေတယ် ဟု မရွတ်ဖြစ်တော့ပဲ အစဉ်ပေါ်တည်ပြီး ငြိမ်းနေရတာကိုပဲ လုပ်ဖြစ်ပါတယ်ဘုရား။ အဲသလိုနေတာ မှန်ပါသလား ဘုရား။

ဦးဝိဇယ==== အရှင်ဘုရား လျှောက်တာ အားလုံး မှန်ပါတယ် ဘုရား။ ဒါပေမယ့်ကိလေသာ မကုန်သေးပဲ မရွတ်ပဲနေတာဟာလုံးဝ မမှန် ပါဘူးဘုရား။ ဒါမျိုးကို ဝဉ္စနကိ လေသာ =လှည့် ပတ်တတ်သောကိလေသာ ဟုခေါ်ပါတယ်။ ငြိမ်းငြိမ်းအေးအေး နေရတာကို အဟုတ်ထင်ခြင်း အဝိဇ္ဇာ ဖြစ်နေတယ်။ အဲဒီ အပေါ်မှာ ကျေနပ်ခြင်း လောဘ ထပ်ပြီး ဖြစ်နေပါတယ်။အာရုံကို မှီပြီး အဟုတ်ထင်ခြင်း၊ကျေနပ်ခြင်း ဖြစ်လျှင် ခံနိုင်ရည် အင်အားတွေ ကျဆင်းလာလိမ့်မယ်။ အာရုံကြမ်းတွေ တိုက်လာတဲ့အခါမှာ  ခံနိုင်ရည် မရှိပဲ ဖြစ်သွားလိမ့်မယ်။

အဲလို ကျေနပ်ခြင်း၊ အဟုတ်ထင်ခြင်း မဖြစ်နိုင်အောင် (ပျက်နေတယ်)လို့ကြိုးစားရွတ်ရ မယ်။ဥပမာ==တရားအားထုတ်ခါစက (၂၅)ခွန်းရွတ်လျှင် ယခု အချိန်မှာ အခွန်း (၁၀၀) ရွတ်ရမယ်ဘုရား။ရွတ်အားကောင်းလေ ငြိမ်းအေးလေ ပါပဲဘုရား။

ပဋိစ္စ သမုပ္ပါဒ် ===ဧဝံ ဓမ္မတာနည်း

(ကြောင်းကျိုးမှန်သမျှ ၊သူ့သဘာဝ ၊ ဆောင်ကြ ဧဝံဓမ္မတာနည်း) ဟူသည် နှင့် အညီ –အကြောင်းတရားအကျိုးတရားတို့သည်  များရာသို့ လိုက် ၍ ဆောင်ကြပါတယ်။ စွန့်လွှတ်ခြင်းများလျှင် စွန့်လွှတ်ခြင်းက ဆောင်သွားပါတယ်။ အဝိဇ္ဇာ အဟုတ်ထင်ခြင်း ကများလျှင် အဝိဇ္ဇာ အဟုတ်ထင်ခြင်း ကဆောင်ကြ ပါတယ်။

ဝိဇ္ဇာဉာဏ် ကများလျှင် ဝိဇ္ဇာ ဉာဏ် ကသာ ဆောင်သွားကြပါတယ်။ ဤ သို့အကြောင်းတရား အကျိုးတရားတွေဟာ သူ့သဘာဝ အတိုင်း များရာ က ဆောင်သွားခြင်းသည် ဧဝံဓမ္မတာ နည်းဖြစ်ပါတယ်။

နာနတ္ထ နည်း က ( သဘောတရားတွေ ဟာ အနိမ့်အမြင့် ကွဲ ပြီး ဖြစ်ကြတယ်) ဟု ဆို လိုက်သော အခါ  စိတ်မှာ မထင် တမျိုးဝင်လာတယ်။ ဒါဆိုရင် (လူသေ- လူဖြစ်၊ ခွေးသေ ခွေးဖြစ် )စသည် ဖြင့်သာ  ဖြစ် ပျက် ကြတော့တယ်။

အနိမ့်ကနေပြီး အမြင့် ပြောင်းလို့လည်းရမှာ မဟုတ်တော့ဘူး။ အမြင့် ကနေပြီး အနိမ့်ဆင်းသွားတာလည်း ရှိမှာ မဟုတ်တော့ဘူး။ လုပ်ချင်တာ လုပ်လို့ရတယ်။ ဘဝဟာ ပုံသေနည်း ပဲ စသည်ဖြင့် အထင်ရောက်သွားတာကို အဟေတုက အကိရိယ ဒိဋ္ဌိလို့ ခေါ်ပါတယ်။

ဧဝံဓမ္မတာနည်းက ( အကိရိယ အဟေတုကဒိဋ္ဌိပယ်၏ )ဟူသည်နှင့် အညီ ပုံသေ အထင်ကို (နည်းရာကိုများရာက ဆောင်သွားတယ် ) ဟူသောအမြင်က ပယ်နိုင်ပါတယ်။

နည်း (၄)ပါး အမြင်နှင့် ဒိဋ္ဌိ(၄)မျိုး အထင်ကို အကျဉ်းချုပ်ပြီး ပြောပြပါမယ်ဘုရား။

(၁) အနှစ်ရှိတယ်-ဟုထင်သော သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိ ကို ( အနှစ် မရှိဘူး သဘော (၂)ခုဘဲ) ဟုသိသော အဗျာပါရ အနတ္တနည်း ကပယ်ပါတယ်။

(၂) အကြောင်း အကျိုး တရားတွေဟာ (ပြတ်တယ်)ဟုထင်သောဥစ္ဆေဒ ဒိဋ္ဌိ ကို ဆက်စပ်ဖြစ်တယ် ဟုမြင်သော ဧကတ္ထနည်းက ပယ် ပါတယ်။

(၃)အကြောင်းနှင့် အကျိုး တရားတွေဟာ ထပ်တူဖြစ်တယ် ဟုထင်သော သဿတဒိဋ္ဌိ ကို အနိမ့် အမြင့်ကွဲတယ် ဟု မြင်သော နာနတ္ထနည်း ကပယ်ပါတယ်။

(၄) အကြောင်းအ ကျိုး တရားတွေဟာ (ပြုပြင်တိုင်းမရ) ဟုထင်သော အဟေတုကဒိဋ္ဌိ အကိရိယဒိဋ္ဌိ ကို ပြုပြင်တိုင်းရ၏ ဟု မြင်သော ဧဝံဓမ္မတာ နည်း ကပယ်ပါတယ်။

အကြောင်းအကျိုး ဆိုင်ရာကို နည်း (၄)ပါးနှင့် ဒိဋ္ဌိ (၄)မျိုး ကိုခွာပြခြင်းသည် လောက သဘာဝ အမှန်ကို အထင်ဖြင့် ဖုံးထားသောကြောင့် အမြင်ဖြင့် ပြန်ဖော်ထုတ်ရခြင်း ဖြစ်ပါတယ်။

တရားအားထုတ်ခြင်းဆိုတာ ကိုယ်ထင်ခဲ့တဲ့အထင်တွေနှင့် ကိုယ်ထင်ထားတာတွေအားလုံးကို ပယ်စွန့်ပြီး အမြင်နဲ့နေနိုင်အောင် ကြိုးစားခြင်းကို တရားအားထုတ်တယ် လို့ခေါ်ပါတယ် ဘုရား။

ပဋိစ္စသမုပ္ပါဒ် တရားများကိုလည်း ဤနည်း(၄)ပါးနှင့်သုံးသပ်ရမှာ ဖြစ်ပါတယ် ဘုရား။

ပဋိစ္စသမုပ္ပါဒ်- ဧကတ္ထနည်း၊ နာနတ္ထနည်း

ဧကတ္ထ နည်း

(ကြောင်းကျိုးမှန်က၊ ဆက်စပ်ကြ သိအပ် ဧကတ္ထ နည်း) ဟူသည် နှင့်အညီ၊ အကြောင်းတရားရှိလျှင် အကျိုးတရားသည်မုချရှိတယ်။ အကြားအလပ်မရှိပဲ တစ်ဆက်တည်း တစ်ပေါင်းတည်းရှိကြတယ်။

ဥပမာ— မီးသည် အကြောင်း၊ မီးရောင်သည် အကျိုးဖြစ်တယ်။ မီးနှင့် မီးရောင်သည် ခွဲမရဘဲ ၊တစ်ဆက်တည်း တစ်ပေါင်းတည်းဖြစ်ခြင်းသည် ဧကတ္ထ နည်း လို့ခေါ်ပါတယ်။

ဧက= တစ်ခုတည်း တစ်စပ်တည်း တစ်ပေါင်းတည်း ၊ အတ္တ ဖြစ်ခြင်း ၊ ဧကတ္ထ= အကြောင်း အကျိုး တရားတို့သည် ၊ခွဲမရသောအားဖြင့်  တစ်ခုတည်း၊ တစ်စပ်တည်း၊ တစ်ပေါင်းတည်း ဖြစ်ခြင်းဟု အဓိပ္ပါယ် ရပါတယ်။

(ဧကတ္ထနည်း က၊ ဥစ္ဆေဒ ၊ ပယ်ကြဒိဋ္ဌိ အမှန်တည်း)—– ဟူသည်နှင့်အညီ —ဧကတ္ထ နည်း သည် ဥစ္ဆေဒ ဒိဋ္ဌိ ကို အမှန် ပယ် နိုင်ပါသည်။ ဥစ္ဆေ ဒဒိဋ္ဌိ၏ အဓိပ္ပါယ်မှာ  အဗျာပါရ အနတ္တ နည်းက အကြောင်းအကျိုး တရားတွေဟာ (ဖြစ်ပျက်သဘောသည်ပင် မူလပျက် သဘော ပါဝင်နေသောကြောင့် ) သဘော (၂)ခုသာရှိတယ်။

အကြောင်းလည်းသဘော (၂)ခု ၊အကျိုးလည်းသဘော (၂)ခုပဲရှိတယ်။ ဆက်စပ်မှု မရှိဘူးဟု  သိမြင်သော အခါ (အကြောင်း အကျိုး လုံးဝ မဆက် စပ် ဘူး) ဟု အဟုတ်ထင်ပြီး ဆုပ်ထား လိုက်ပါတယ်။ ထို (ပြတ်တယ်)ဟု ဆုပ်ထား ကိုင်ထားခြင်း ကို ဥစ္ဆေ ဒဒိဋ္ဌိ= အပြတ်ထင်ခြင်းဟုခေါ်ပါသည်။ ထို အပြတ်ထင်ခြင်း ဥစ္ဆေဒဒိဋ္ဌိသည် လိုချင်ခြင်းလောဘ နှင့် တွဲလိုက်လျှင် ဘဝမရှိသော အနေအထားလေးကို ပုံဖော်ပြီး ဘဝမရှိတာကို လိုချင်ခြင်း ဝိဘာဝတဏှာ ဟုခေါ်ပါတယ်။

(အကြောင်း အကျိုး အဆက် အစပ်  ပြတ်နေတယ်) ဟု ထင်ခြင်း ၊ဥစ္ဆေဒ ဒိဋ္ဌိ အားကောင်းလျှင် ဤ ခန္ဓာသည်  အမေမွေးလို့ ကြီး လာရသည်။ သေလျှင်ပြီးတာပဲ ဟု အထင်ရောက်ခါ လုပ်ချင်ရာ လုပ်တတ်ပါသည်။

ဤ ဥစ္ဆေဒဒိဋ္ဌိ အပြတ်ထင်ခြင်းကို အကြောင်းအကျိုးတရား တွေ ဆက်စပ်နေတယ်လို့ သိမြင်သော ဧကတ္ထနည်း ကပယ်နိုင်ပါတယ်။

ဆိုလိုရင်းကတော့  ဆက်စပ်မှုကို သိမြင်ရင် ကင်းပြတ်ခြင်းအထင်ပျောက်သွားပါတယ်ဘုရား။

************************************************************************************************

နာနတ္ထနည်း

နိမ့်မြင့် ကွဲပြားသဘောများ သိငြား နာနတ္ထနည်း====ဟူသည်နှင့် အညီ အကြောင်း အကျိုးတရား တို့သည် ၊  အကြောင်းတရားနိမ့်လျှင် အကျိုးတရားနိမ့် လိမ့်မည် ။ အကြောင်းတရား မြင့် လျှင် အကျိုးတရား မြင့်လိမ့်မည်။ ဤ အနိမ့် အမြင့် ကွဲပြားမှု သိခြင်းသည်  နာနတ္ထ နည်းဟု ခေါ်ပါသည်။

ဧကတ္ထ နည်းက အကြောင်းရှိလျှင် အကျိုးရှိမည်===ဟုပြောလိုက်သော အခါ အကြောင်းတူ အကျိုးတူ ဆုပ်ထားလိုသော သဿတဒိဋ္ဌိ ဖြစ်နေပါတယ်။ ( ဘဝကို ပုံသေချလို့ရတယ်) ဟူသော အထင် အစွဲသည် သဿတဒိဋ္ဌိ ဖြစ်ပါတယ်။

( နောက်တုံးကလည်း ငါ၊ ယခုလည်းငါ၊ နောင်လည်းငါ ) ဟူသော အထင် အစွဲများသည် ဘဝကို ပုံသေ ထင်ကြခြင်း သာ ဖြစ်ပါတယ်။ ငါ့ဘဝသည် အမှန်ရှိ၏ ဟုထင်ပြီး လိုချင်လျှင်တော့ ဘဝ တဏှာ ဟုခေါ်ပါတယ်။အကြောင်းတူ အကျိုး တူ ဆုပ်ထားခြင်း ဆိုတာက တော့

ဥပမာ— အဝိဇ္ဇာ အကြောင်းရှိရင် သင်္ခါရ အကျိုး ရှိမည် လူမှာ ဖြစ်တဲ့ အဝိဇ္ဇာ ၊ တိရိစ္ဆာန်မှာ ဖြစ်တဲ့အဝိဇ္ဇာ ၊ပုထုဇဉ် မှာ ဖြစ်တဲ့ အဝိဇ္ဇာ ၊ အရိယာ သေက္ခ များမှာ ဖြစ်တဲ့ အဝိဇ္ဇာ အားလုံးတူညီရမည်။ အကြောင်းတူညီ သင့်ပါတယ် ဟု စဉ်းစားတယ်။( အကြောင်းတူလျှင်  အကျိုးတရား တွေဟာ မကွဲသင့်ဘူး၊ အားလုံးတူညီ သင့်ပါတယ်)ဟု စဉ်းစားတယ်။

အကြောင်းတူလျှင် အကျိုးတူမည်ဟု ဆုပ်ထားလျှင် ပုဂ္ဂိုလ် သတ္တဝါတွေ ရဲ့ မတူညီသော အရာတွေကို တွေးမရဘဲ  ဖြစ်နေ တတ်ပါတယ်။ ထိုအကြောင်း တူ အကျိုးတူ အစွဲမျိုး ကို သဿတဒိဋ္ဌိ လို့ခေါ်ပါတယ်။

ထို သဿတဒိဋ္ဌိ အထင် အစွဲ ကို ပယ် ဘို့ အတွက် နာနတ္ထ နည်းပေါ်လာ ရခြင်းဖြစ်ပါတယ်။ နာနတ္ထ နည်းသည် အဝိဇ္ဇာဟူသော အကြောင်း ပင် တူသော်လည်း အထူ အပါးကွဲပြားပါတယ်။ ပုထုဇဉ်မှာ ဖြစ်တဲ့ အဝိဇ္ဇာ နဲ့ သေက္ခ ပုဂ္ဂိုလ်တွေမှာ ဖြစ်တဲ့ အဝိဇ္ဇာ မတူ နိုင်ဘူး။ ပုထုဇဉ် မှာပင် အဆင့်ဆင့်မတူညီ ပုံကို သိလို့ရတယ်။

အကြောင်းတရားတွေဟာ အနိမ့် အမြင့် ကွဲပြားသောကြောင့် အကျိုးတရားတွေဟာလည်း အနိမ့်အမြင့်ကွဲပြား ခြားနားကြရတယ်။

သဒ္ဓါတရား ဖြစ်ကြသောလည်း တစ်ပြေးးညီတော့မဖြစ်နိုင်ပါဘူး။ အကောင်းဘက် က အကြောင်းတရားတွေပဲဖြစ်ဖြစ် မကောင်းဘက် က အကြောင်းတရား တွေပဲဖြစ်ဖြစ်  မတူညီ နိုင်ပုံ ၊ မတူညီ ကြ ပုံကို နားလည် ခြင်းသည် နာနတ္ထနည်း မည်ပါတယ်။

မိမိ တစ်ယောက်တည်းကို ပဲ ပြန် စဉ်းစားကြည့်ပါ။

ဒီနေ့ဖြစ်သော သဒ္ဓါ ၊ နောက်တုန်းကဖြစ်သော သဒ္ဓါ ၊ ဒီနေ့ဖြစ်သောလောဘ ၊ နောက်တုန်းက ဖြစ်သောလောဘ မတူညီ ပါဘူး။

အနိမ့်အမြင့်ကွဲပြားပြီး မတူကြောင်း ကိုနားလည်သော နာနတ္ထ နည်း က အကြောင်းတူ အကျိုး တူ ဟု အထင် အစွဲ သဿတ ဒိဋ္ဌိ ကို ပယ်နိုင်ပါတယ်။

သဿတဒိဋ္ဌိ က အကြောင်းအကျိုးတွေကို အပေါ်ယံ ကထင်နေခြင်းဖြစ်ပါတယ်။  နာနတ္ထနည်း က အကြောင်းအကျိုး တွေကို အတွင်းကျကျ လေ့လာခြင်းဖြစ်ပါတယ်။ အထင် နဲ့ အမြင် ကွာခြားပါတယ်။ (ထို့ကြောင့်—နာနတ္ထ နည်း က ၊  သဿတ ၊ ပယ်ကြဒိဋ္ဌိ ဖြစ်သတည်း။)ဟု အကျဉ်းချုပ် မှတ်နိုင်ပါတယ်။

ပဋိစ္စသမုပ္ပါဒ်-အဗျာပါရ အနတ္တနည်း

ဓမ္မဓရ=== တပည့်တော် နားလည် သဘောပေါက်ပါပြီဘုရား။ စကားတစ်လုံး ရဲ့ အဓိပ္ပါယ်ကို  နက်နက်နဲနဲ သိဘို့ အလွန် အရေးကြီးပါတယ်။  နယ် (၄) ပါးကို နားမလည်ဘဲ နဲ့ လည်း နက်နဲ သော အသိဉာဏ်ကို ရကြ မှာ မဟုတ်ပါဘူး။ နက်နဲသော အသိဉာဏ် မရဘဲ နဲ့လည်း စကားလုံး ရဲ့ အဓိပ္ပါယ်ကို  နက်နက်နဲနဲသိကြမှာ  မဟုတ်ပါဘူး။ ယခုခေတ် တတ်နေကြတဲ့ ပညာတတ်တွေဟာ ပညတ်ပေါ်မှာ သိတာလောက်ဘဲ ရှိကြပါတယ်။  သဘောနယ် နှင့် သုည နယ်ကို သိခွင့်ရသော သူတွေဟာတော် တော်ကံကောင်းတဲ့သူတွေ ဖြစ်ပါတယ်။

(ပညတ် (၂)မျိုး ကို တကယ် မရှိသောကြောင့် ဘာမှ မဟုတ်ခြင်း၊ သဘော (၂)ခုကတော့ ဘာမှ မဟုတ်တာ ဘဲရှိခြင်း ၊)ဟုပီပြင်စွာသိရန်  တပည့်တော်ကို ပဋိစ္စသမုပ္ပါဒ် အကြောင်း ဟောကြားတော် မူပါဘုရား။

ဦးဝိဇယ===ပဋိစ္စသမုပ္ပါဒ်ကို ပီပြင်စွာ နားလည်အောင်ဆိုရင်  နည်း (၄)ပါးကိုနားလည်မှ ဖြစ်မယ် ဘုရား။

(၁) အဗျာပါရ အနတ္တနည်း

(၂) ဧကတ္ထ နည်း

(၃) နာနတ္ထ နည်း

(၄) ဧဝံဓမ္မတာနည်း အားဖြင့် (၄)ပါးရှိပါတယ်။

အဗျာပါရ အနတ္တ နည်းဆိုတာ — (၁) (တရားတစ်ခု- သဘော နှစ်ခု ၊သိမှု အဗျာပါဒ အနတ္တ နည်း) ဟူသည် နှင့်အညီ —အကြောင်းအကျိုး တရားတို့တွင် အကြောင်တရား တစ်ခု သည်  ဖြစ်ပျက်သဘော၊ တစ်ခုနှင့် မူလပျက်သဘောတစ်ခုသာ ရှိတယ်။

အကျိုးတရားတစ်ခု သည် လည်း ဖြစ်ပျက်သဘောတစ်ခုနှင့် မူလပျက်သဘော တစ်ခုသာရှိတယ်။—–ဟုအကြောင်းသည်  အကျိုးကိုလုပ်ပေးနိုင်သော ဗျာပါရ လုံးဝမရှိခြင်းသည် (အဗျာပါရနည်း) ဟုခေါ်ပါတယ်။

အကြောင်းတရား ကိုလည်း မူလပျက် သုည နယ် အထိ သိစရာဆုံးအောင်သိခြင်း၊ အကျိုးတရားကိုလည်း မူလပျက် သုညနယ် အထိ သိစရာဆုံးအောင်သိခြင်းသည် အနတ္တ ဟုခေါ်ပါတယ်။

အကြောင်းကိုဖြစ်စေ၊ အကျိုးကိုဖြစ်စေ သိစရာဆုံးအောင်မသိသေးလျှင် အတ္တနယ် ပင်ဖြစ်ပါတယ်။

( အဗျာပါရ အနတ္တနည်း က၊ သက္ကာယ အတ္တဒိဋ္ဌိ ပယ်သတည်း) ဟူသည် နှင့်အညီ = အဗျာပါရ အနတ္တ နည်း ကို ပီပြင်စွာ မသိမမြင် သေးရင် သက္ကာယဒိဋ္ဌိ အတ္တဒိဋ္ဌိကို မပယ်နိုင်တော့ပါ။ အဗျာပါရ အနတ္တ နည်းကို ပီပြင်စွာသိမှ သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိကို ပယ်နိုင်ပါတယ်။

သက္ကာယဒိဋ္ဌိ ဟူသည်မှာ— သဘောနယ် မှာ သိအပ်သော သိစရာများသည် (ပညတ်နယ်မှာ သိအပ်သော သိစရာများကဲ့သို့ အထင်အထည် သိစရာများမဟုတ် ) အသုံးပင်မကျသော်လည်း ဖြစ်ပျက်သဘောမျှတော့ ထင်ရှားရှိသောကြောင့်  (သက္ကာယ) ဟု ခေါ်ပါတယ်။

ထိုဖြစ်ပျက်သဘောမျှ သက္ကာယတရားထဲမှာ ဖြစ်ပျက်သဘောမျှ လောက်တော့ ကိုယ်ပိုင်စွမ်းအား အနှစ်သာရ ရှိတယ်ဟု ထင်ခြင်းသည် (ဒိဋ္ဌိ) ဟုခေါ်ပါတယ်။

သက္ကာယ ဒိဋ္ဌိ ဆိုလျှင် (ဖြစ်ပျက်သဘောမျှ၊ သက္ကာယ ကို ကိုယ် ပိုင်စွမ်းအားရှိတယ် ထင်ခြင်း)ဟုနားလည်သဘောပေါက်ရမယ်။

အတ္တဒိဋ္ဌိ ၏ အဓိပ္ပါယ်သည် သက္ကာယ ဒိဋ္ဌိ နဲ့တူပါတယ်။ အတ္တဒိဋ္ဌိ ဆိုလျှင် (ဖြစ်ပျက်သဘောမျှ သက္ကာယ ထဲမှာ ကိုယ်ပိုင်စွမ်းအားရှိတယ်) ဟု သဘောပေါက် ရပါမယ်ဘုရား။

အဗျာပါရ အနတ္တနည်းကို သိမြင်သောဝိဇ္ဇ္ဇာဉာဏ်သည်  အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိ ဟူသော အထင် အစွဲများ နှင့် ဖြောင့်ဖြောင့် ဆန့်ကျင်ဘက် ဖြစ်ပါတယ်။

ထို အထင်အစွဲများ ပျောက်ငြိမ်း နိုင်သောကြောင့် အဗျာပါရ အနတ္တ နည်း သည် သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိ ကို ပယ်နိုင်ခြင်းဖြစ်ပါတယ်။

တရားအားထုတ်လျင် ပါရမီ မလိုခြင်း နှင့် ပါရမီ လိုခြင်း

ဓမ္မဓရ=====တပည့်တော်နားမလည်တာရှိပါသေးတယ်ဘုရား။ တရားအားထုတ်လျင် ပါရမီ မလိုခြင်း နှင့် ပါရမီ လိုခြင်း အကြောင်းကို ဟောကြားတော်မူပါဘုရား။

ဦးဝိဇယ==== တရားအားထုတ်ရင် (ပါရမီလိုတယ်)ဟူသောစကားသည် လည်းမှန်ပါတယ်။ (ပါရမီ မလိုဘူး) ဟူသော စကားလည်းမှန်ပါတယ်။ (ပါရမီလိုတယ်) ဟူသော စကားဘာကြောင့် မှန်ပါသလဲ ဆိုရင်  (အမှန်တရားကို နာနိုင်ခြင်း၊ နှလုံးသွင်းနိုင်ခြင်း) အထိမရောက်သေးသော ပုဂ္ဂိုလ်များအတွက် ပါရမီ လိုပါတယ်။ အများထင်ထားသလို  ဟိုဟာလိုလို ဒီဟာလိုလို ပါရမီမျိုးတော့မဟုတ်ပါဘူး။

ယခုခေတ်မှာ ယခုပြောခဲ့တဲ့ အမှန်တရား ကို နားလည်နိုင် လောက်သော အသိဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ အမှန်တရားကိုနာကြားနိုင်ခြင်း၊ နှလုံးသွင်းနိုင်ခြင်း မရှိကြသောကြောင့် အမှားနယ်ထဲက မထွက်နိုင်ကြပါဘူး။ အမှားကို အဟုတ်ထင်ပြီး ရခဲလှသော လူ့ဘဝ ၏ တန်ဘိုး ကို ဖြုန်းပစ်နေကြပါတယ်။ သံဝေဂရစရာကောင်းပါတယ်။

(ပါရမီ မလိုဘူး)ဟူသော စကားဘာကြောင့် မှန်ရသလဲဆိုရင်  ပါရမီသည် အမှန်တရားကို နာကြား နိုင်ခြင်း ၊နှလုံးသွင်းနိုင်ခြင်း အထိရောက်ဘို့ လှေကားနဲ့တူပါတယ်။ လှေကားနဲ့ မတက်ရင် အိမ်ပေါ်ကို ရောက်မှာမဟုတ်ပါဘူး။  အိမ်ပေါ်က လူနှင့် အိမ်အောက်ကလူ တွေကွာခြားနေသလို အမှန်တရားကိုနာကြားနိုင်တဲ့ ပုဂ္ဂိုလ်တွေ ၊အမှန်တရားကို နှလုံးသွင်း နိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ အိမ်ပေါ်က လူတွေနဲ့ တူပါတယ်။

အမှန်တရားကို နာကြားခွင့် မရသော ပုဂ္ဂိုလ်တွေ ၊ အမှန်တရားကို နှလုံးမသွင်းနိုင်သော ပုဂ္ဂိုလ်တွေဟာ အိမ်အောက်က လူတွေနဲ့တူပါတယ်။

အဓိပ္ပါယ်ကတော့ —ပညတ် (၂)မျိုးနယ် ပုဂ္ဂိုလ်တွေဟာ အိမ်အောက်က လူတွေနဲ့ တူပြီး သဘော(၂)ခုသိခွင့်၊ကျင့်ခွင့်ရသော ပုဂ္ဂိုလ် တွေဟာ အိမ်ပေါ်ကလူတွေနဲ့တူပါတယ်။

အိမ်ပေါ်ကလူတွေဟာ အိမ်အောက်ကလူတွေကိုသေချာမြင်နိုင်ပြီး ၊အိမ်အောက်ကလူတွေဟာ အိမ်ပေါ်ကလူတွေကို မမြင်နိုင်သကဲ့သို့  ထို့အတူ အသိဉာဏ် ပိုင်းဆိုင်ရာမှာလည်း  ပညတ် (၂)မျိုးနယ် က ပုဂ္ဂိုလ်တွေဟာ သဘော(၂)ခု နယ် ကပုဂ္ဂိုလ်တွေကို မမြင်နိုင်ပါဘူး။

သဘော (၂)ခုနယ်ကို သိကျင့်နေသော ပုဂ္ဂိုလ်တွေကသာ  ပညတ် (၂)မျိုးနယ်က ပုဂ္ဂိုလ်တွေကို သနားစရာ သတ္တဝါ များအဖြစ် ထင်ထင်ရှားရှားတွေ့မြင်နေရပါတယ်။

သဘော (၂)ခုကို သိနိုင်ကျင့်နိုင်ကြမယ်ဆိုရင်၊ ဒီဘဝ အတွင်းမှာ လွတ်မြောက်နိုင်ကြတာမို့ (ပါရမီ မလိုပါဘူး) ဟုဆိုကြပါတယ်။

အဓိပ္ပါယ် အကျဉ်းကတော့ သဘော (၂)ခု နယ်ကို  ထပ်ခါထပ်ခါ သိရမှာကိုမေ့ပြီး  ပါရမီ နှင့်မကျင့်ဖြစ်အောင် တွေးမနေပါနဲ့ ဟုဆိုလိုရင်းဖြစ်ပါတယ် ဘုရား။ ဒီလောက်ရှင်းပြလိုက်ရင် ပါရမီ လို -မလို သဘောပေါက်လောက်ပါပြီ။

သီတင်းကျွတ်လပြည့်နေ့တရားအလှူ-http://www.muladhamma.net

LORD BUDDHA

လေးစားချစ်ခင်ရပါသောဓမ္မမိတ်ဆွေအပေါင်းတို့ရှင့်..

သီတင်းကျွတ်လပြည့်နေ့-အဘိဓမ္မာအခါတော်နေ့ ၊ ထူးမြတ်တဲ့ အခါကာလ သမယ မှာ လူတိုင်း လူတိုင်း ကိုယ်စီကိုယ်ငှ ကုသိုလ်ကောင်းမှု တွေ နဲ့ ထုံမွှမ်း ဖြတ်သန်းနေကြမယ်ဆိုတာ ကျွန်မ ကယုံကြည်နေပါတယ်။ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ ရန် ပထမဦးစွာ မေတ္တာပို့သလိုက်ပါတယ်။

ကျွန်မ ကူးယူ ရေးသားပူဇော်နေတဲ့ မူလဓမ္မဆရာတော်ဦးဝိဇယ ရဲ့ Web Site ကို
ယခင် Web Address http://muladhamma.mmgenius.com အစား
ယခု http://www.muladhamma.net လိပ်စာဖြင့် တရားတော် များ ဖတ်ရှု ပူဇော်နိုင် ပါကြောင်း သတင်းကောင်းပါး လိုပါတယ်။
ဤကဲ့ သို့ ဆောင်ရွက် လှူဒါန်းနိုင်စေရန် အတွက် Host Space 15GB နှင့် Domain သာမကပဲ အတတ်ပညာ ပိုင်းဆိုင်ရာတို့ကို စိတ်ရှည် လက်ရှည် ပြသ ကူညီပေး ၊ဒါနပြုပေး တဲ့
-ကိုသက်ဦး (သိင်္ဂါရမောင်) http://www.tgrmg.net
-ကျွန်မ ၏ Blogging ဆိုင်ရာတို့ကို အမြဲ ဆက်သွယ်စီစဉ် ဆောင်ရွက်ပေးပါသော
သားကိုအောင်ဦး (ဓမ္မရသ) http://www.dhammaratha.com
-တရားတော် စီဒီများ၊ စာအုပ်များပေးပို့ လှူဒါန်းပါသော
မထက်စုနှင်းဆီ (သစ္စာတရားများစုဝေးရာ) http://universaltruthplace.blogspot.com တို့၏ ထက်သန်သော စေတနာ သဒ္ဓါတရားကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖေါ်ပြ အပ်ပါတယ်။

အမှန်တရားကို မြတ်နိုးသော အရှင်ဓမ္မဓရ နှင့် မူလ ဓမ္မဆရာတော်-ဦးဝိဇယ ဆွေးနွေးခန်းလေးတွေ ကို ခေါင်းစဉ်တစ်ခု ချင်း ဖတ်ရှု လို့ရသောကြောင့် Post အဖြစ် တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒိဋ္ဌိဖြုတ် ပုံ နည်းမျိုးစုံ MP3 Format တရားတော် များကိုလည်း Dowload ပြုလုပ် ပူဇော်နိုင်ပါတယ်။

ဤ ကောင်းမှု နှင့် ၊ စပ်သမျှ ၊ ကျန်းမာကြပါစေ၊ချမ်းသာကြပါစေ။

သတ္တဝါ မှန်သရွေ့၊ တရားတွေ့ ၊ ချမ်းမြေ့သာယာရှိကြပါစေ။

မေတ္တာဖြင့်
သစ္စာအလင်း