ဝေဒနာ ကို နယ်(၄)ပါးနှင့်ပိုင်းခြား ပုံ
ဓမ္မဓရ=== တပည့်တော် နည်း (၄)ပါးကိုတော့ သဘောပေါက်ပါပြီ ဘုရား။အကြောင်း အကျိုးမှန်လျှင် ဤ နည်း (၄)ပါးထဲထည့်ပြီး စဉ်းစားလိုက် ရုံပါဘဲ။ဤ နည်း(၄)ပါး မှာလည်း ပထမနည်း ၊ အဗျာပါရ အနတ္တ နည်း သာကျင့်ရမှာ ဖြစ်ပါတယ်။ ကျန်တဲ့(၃)နည်းက နားလည် သဘောပေါက်အောင် လေ့လာဘို့ပါပဲဘုရား။ နယ် (၄)ပါးကိုတော့ဟောကြား တော်မူပါအုံး ဘုရား။ နာကြားရလေ တရားတက်လေပါပဲဘုရား။
ဦးဝိဇယ===ဝေဒနာ ကို နယ်(၄)ပါးနှင့်ပိုင်းခြား ပုံကို နာကြားကြည့်ပါဘုရား။ ဝေဒနာ ဟူသော စကားကိုကြားသိရသော အခါ (မသိခြင်း) အထင် ၊(ဆိုးခြင်း) အထင်၊ (ကောင်းခြင်း) အထင်အားဖြင့် (၃)မျိုး စိတ်ထဲမှာထင်တတ်ပါတယ်။ ထို အထင် အထည် သည် အဝိဇ္ဇမာနပညတ်နယ် ဖြစ်ပါတယ်။ ဤအဝိဇ္ဇမာနပညတ်နယ် ကို အဟုတ်ထင်ခြင်း သည် အဝိဇ္ဇာ ပင်ဖြစ်ပါတယ်။
ယခုခေတ်မှာ အဟုတ်ထင်ခြင်း အဝိဇ္ဇာ ခိုင်းလို့ လုပ်ရတဲ့ တရားသမားတွေ တော်တော်များ ပါတယ်။
ဝေဒနာ ရဲ. အဓိပ္ပါယ်မှာ *ခံစားခြင်း* ဖြစ်ပါတယ်။ စေတသိတ်ဖြစ်သောကြောင့် စိတ်မှာသာ မှီပြီး ဖြစ်ပါတယ်။ ဝေဒနာ ကို ရှုလိုလျှင် စိတ်ဘက်ကိုသာ ရှုရမှာ ဖြစ်ပါတယ်။
ထိုအကြောင်း ကို မသိခြင်း ကြောင့် ဝေဒနာ ဆိုလျှင် အဆိုး အထင်ကြီး ခိုင်းသလို လုပ်ကြရ ပါတယ်။
စိတ်မှာ ဖြစ်တဲ့ဝေဒနာကို ရုပ်မှာဖြစ်တယ် ထင်ကြပါတယ်။ ရုပ်တရား၏ နာတယ်လို့ ပြောရ လောက်အောင် ဖောက်ပြန်ခြင်း၊ ပူတယ်လို့ပြောရလောက်အောင် ဖောက်ပြန်ခြင်း၊ စသော ရုပ်တရား၏ ဖောက်ပြန်ခြင်း များကို နာမည် လွဲတပ်ခါ ရှုကြ ပါတယ်။ ဖောက်ပြန်ခြင်း ရုပ်သ ဘော ကို – ဝေဒနာ – ဟု နာမည်လွဲ တပ် သော အခါ တွေ့တာက ဖောက်ပြန်ခြင်း၊ သိနေ တာ က ဝေဒနာ ဆိုတော့ ရှုပုံ လွဲမှား နေပါတယ်။
ဝေဒနာကျော်အောင်ရှုကြတယ်လို့လည်း ဆိုကြတယ်။ သုခ၊ဒုက္ခ ၊ဥပေက္ခာ ဟု ဝေဒနာ (၃)မျိုး ရှိခြင်းကြောင့် ဝေဒနာကို ဘယ်လို့မှ ကျော်လို့မရပါဘူး။ သုခ မှရှိရင် ဒုက္ခ၊ဒုက္ခ မရှိရင် သုခ ရှိစမြဲ ၊ သုခ ၊ ဒုက္ခ မရှိရင် ဥပေက္ခာ တစ်ခုခုတော့ရှိနေမြဲ ဖြစ်ပါတယ်။
ရုပ်တရား၏ ရောဂါ အနာပျောက်ခြင်း ၊မပျောက်ခြင်း ကို ဝေဒနာ ဖြစ်မဖြစ်ပြောကြတယ်။ ဒါမျိုး ကဆေးသမားတွေသုံးတဲ့ ဝေဒနာဖြစ်တယ်။ ဆေးသမားတွေ သုံးတဲ့ဝေဒနာ ကို တရားအားထုတ်တဲ့ယောဂီ ကသုံးလို့မရပါဘူး။
အဟုတ်ထင်ခြင်း အဝိဇ္ဇာ ခိုင်းသမျှ ထင်သလိုလုပ်တာပဲ ရှိနေလိမ့်မယ်။
ဝေဒနာ ၏ တရားကိုယ်ထဲမှာ စိတ်အစဥင်္ မှာ မှီပြီးဖြစ်သော ခံစားခြင်း အစဉ်သာလျှင် ဝေ.နာလို့ခေါ်ပါတယ်။ စိတ်မှာ မှီ ပြီးဖြစ်သော ခံစားမှု အစဉ် သဘောပေါက်လျှင် မသိလို့ထင်သလိုလုပ်ခြင်း ၊ဆိုးအောင်ကြာကြာခထိုင်ပြီး ထင်သလိုလုပ်ခြင်း ကောင်းအောင်ဖန်တီးပြီးထင်သလို လုပ်ခြင်း များမှ ကင်းလွတ် နိုင်ပါတယ်။
ဝေဒနာကို အထင်မှား နေသမျှ ချုပ်အောင် ငြိမ်းအောင် လုံးဝ လုပ်လို့ မရနိုင်ပါဘူး ။ ( ချုပ် ငြိမ်းတယ် ) လို့ ထင်လျှင်လည်း အဝိဇ္ဇမာန ပညတ်နယ် က အထင်တွေသာ ဖြစ်ပါတယ်။ အဟုတ်ထင်ရင်တော့အဝိဇ္ဇာပါပဲ။
သုခ အစဉ်၊ ဒုက္ခ အစဉ် ၊ဥပေက္ခာ အစဉ် သန္တန် တစ်ခုခု သည် ( အဝိဇ္ဇာမာန ပညတ်နယ် )ဖြစ်ပါတယ်။ အစဉ် နယ်ကိုရောက်လျှင် အထင်နယ်က အတွေးတွေ ၊ အထင်တွေ၊ ခံစားမှုတွေဟာ ထင်ရုံသာ ဖြစ်သောကြောင့် ဆုပ်ကိုင်ပြစရာ မရှိ၊ ဘာမှ မဟုတ်ဘူးဟု အသိဉာဏ်တိုးတက်လာပါတယ်။ ဤ အသိဉာဏ် သည် ဝိဇ္ဇာဉာဏ် ဟုခေါ်ပါတယ်။
အစဉ်နယ် ဖြစ်သော ဝိဇ္ဇမာနပညတ်နယ် ကို ( ဒါပဲရှိတယ် ၊ ကျန်တာမရှိဘူး) ဟုဘောင်ခတ် ဆုပ်ကိုင်ထားခြင်း ၊ ကို အဝိဇ္ဇာ ဟုခေါ်ပါတယ်။
အစဉ်နယ် မှာ အဟုတ်ထင်ခြင်း အဝိဇ္ဇာအားကောင်းလေ၊ ငြိကပ်ခြင်းတဏှာ ဖြစ်လေ၊ အမှန်တရားနှင့်ဝေးလေ၊ အခွာရခက်လေ၊ ဆရာကြီးလုပ်ချင်လေဖြစ်တတ်ပါတယ်။
ထိုအစဉ်ကို (တစ်စက္ကန့်လျှင် ကုဋေတစ်သိန်းစိတ်ပြီး တစ်ခုသော ခံစားပြီး ပျက်သဘောလေးသည် ဝေဒနာ၏ အသက် အစစ်ဖြစ်တယ်) ဟုသိမြင်ခြင်းသည် (သဘောနယ် )ကို သိမြင်ခြင်း ဖြစ်ပါတယ်။ သဘောနယ်ထိသိမြင်နိုင်သော ဝိဇ္ဇာဉာဏ်ဖြစ်လျှင် အစဉ်ကို အဟုတ်ထင်သော အဝိဇ္ဇာ ကွယ်ပျောက်သွားပါတယ်။
ဝေဒနာ၏ အသက် အစစ်ဖြစ်သော အသေးဆုံးအစိတ်ခံစားပြီး ပျက်ခြင်းသဘောလေးတစ်ခုသည် (ဒီလောက်တော့စွမ်းနိုင်သေးတယ်) ဟု အဟုတ်ထင်သော အဝိဇ္ဇာဖြစ်နိုင်ပြန်ပါတယ်။
ထို အဝိဇ္ဇာ မဝင်နိုင်ရန် ( ဖဿ ပစ္စယာ ဝေဒနာ ) အရ ဖဿ အကြောင်းရှိမှ ဝေးနာ ဖြစ်နိုင်ပါတယ်။ ဖဿ မရှိပဲဝေဒနာ လုံးဝ ဖြစ်မရပါဘူး။ ဝေဒနာသည် ကိုယ်ပိုင် အနှစ်သာရမရှိသော မူလပျက်သဘောသာဖြစ်ပါတယ်။ ဤနယ်ကိုသုညနယ်လို့ခေါ်ပါတယ်။ အကျဉ်းချုပ်လိုက်လျှင် အထင်နယ် နှင့် အစဉ်နယ် နှစ်မျိုးသည် အမှန်မရှိသောကြောင့် ( ဘာမှ မဟုတ်ပါဘူး) အမြင်မှာ ဆုံးသွားတယ်။
ဝေဒနာနှင့်ပတ်သက်ပြီး (ဘာမှ မဟုတ်ဘူး)ဟူသော သဘောတရားများသည် ဝေဒနာနိရောဓော -ဖြစ်ပါတယ်။ ဝေဒနာ၏ ဘာမှ မဟုတ်ကြောင်းကိုသိသောဉာဏ်ဖြစ်သောအခါ အဟုတ်ထင်လို့လိုချင်ခြင်း များ လုံးဝမဖြစ်နိုင်သောကြောင့် တဏှာနိရောဓော ဖြစ်ပါတယ်ဘုရား။
ဝေဒနာ ကို အတုံးအခဲ အစဉ်သန္တန် အထင်များမပျောက်ပဲ ဝေဒနာချုပ်ငြိမ်းအောင်လုပ်လို့ လုံးဝ မရပါဘူး ။ အာရုံထူးခံစားမှု အထူးလိုက်ရှာမှ ခံစားရသော အထူးများသည် တရားထူးတွေ့ခြင်းရခြင်း လုံးဝ မဟုတ်ပါဘူး။ အဟုတ်ထင်ခြင်း အဝိဇ္ဇာ ကပုံဖော် ပြီး နှိပ်စက်ခြင်း ဖြစ်ပါတယ်ဘုရား။
တရားတက်တယ် မတက်ဘူး သိချင်ရင် (ဘာမှ မဟုတ်ဘူး) ဟူသော အသိဉာဏ် တက်မတက်ကိုသာ စဉ်းစားပါဘုရား။ အဟုတ်ထင်ခြင်းတွေတက်လာရာ တရားမတက်ပဲ မတရား သော အဝိဇ္ဇာ တွေတက်တယ်လို့ သတ်မှတ်လိုက်ပါဘုရား။