Skip to content

သတိ၊ဝီရိယ၊ ဉာဏ်ရှိဘို့သာ အဓိက

July 9, 2009

ဓမ္မဓရ— တပည့်တော် တန်ဘိုးမဖြတ်နိုင်တဲ့ အသိထူးကိုရလိုက်တယ် လို့ခံစားမိပါတယ်ဘုရား။စိတ်ချမ်းသာမှု လည်း ပြည့်စုံလာပါတယ်။ ကျေနပ်ခြင်း မကျေနပ်ခြင်း အစွန်း (၂)ပါးကလွတ်ပြီး သိရုံလေးသိကာ အေးအေးဆေးဆေးနေနိုင်လာပါတယ်။ စိတ်ရဲ့သိပြီး ပျက်တဲ့သဘော ကို ပိုပြီး သဘောပေါက်လာပါတယ်။ စိတ်သည် စွဲလန်းခြင်း အကုသိုလ်နဲ့ပေါင်းရရင်လည်း သိပြီးပျက်တဲ့သဘောပဲ။ စွန့်လွှတ်ခြင်း ကုသိုလ်နဲ့ပေါင်းရရင်လည်းသိပြီးပျက်တဲ့သဘောပဲ ဖြစ်နေကြောင်းကို နားလည်လာပါတယ်။ အဟုတ်ထင်ပြီး အတိတ်အကြောင်း အနာဂတ်အကြောင်းတွေကို တွေးသိတာ အလွန်နည်းသွားပါတယ်။ပစ္စုပ္ပန် သိစရာလေးကို  သိပြီး ငြိမ်ငြိမ်လေးနဲ့ ငြိမ်းငြိမ်းလေး နေနိုင်သွားပါတယ်။

ဤ သတိပဋ္ဌာန်တရား ဟာ လွယ်လွန်းလို့ ခက်နေတာပါဘုရား။ လွယ်လွန်းတော့ တရားလို့ မထင်ပါဘူး။ အလွယ်ဆုံးကို တရားလို့ မထင်တော့ ခက်တာတွေကိုပဲ တရားလို့ထင်ပြီးလိုက်ရှာနေကြပါတယ်။ လိုက်ရှာလေ— တရားနှင့်ဝေး လေဖြစ်နေကြပါတယ်။ နာမည်တပ်ပြီး အထူးပြောစရာမရှိတဲ့ (ပျက်နေတယ်) ဟုရွတ်ရင်း  ကိုယ့် ကိုယ်ကို သိရုံသိနေပြီးတော့ တရားဟာ အလွန်ရိုးပါတယ်။ အထူးကိုလိုက်ရှာလေလေ—- အလွန်ရိုးသောတရားနှင့် ဝေးလေလေ ဖြစ်နေပါတယ်။

(ပျက်နေတယ်) ဟုရွတ်ရင်း ကိုယ့်ကိုယ်ကို သိရုံသိတာက ကိလေသာ ပယ်နိုင် ကင်းနိုင်တဲ့ တရားဖြစ်နေ တော့ တရားစွဲ၊ ဂိုဏ်းစွဲ၊ ဆရာစွဲ၊ အချိန်စွဲ၊ နေရာစွဲ ၊ ဣရိယာပုတ်အစွဲ၊အလုပ်စွဲ၊ ရောဂါစွဲ၊ အတိတ်စွဲ၊ အနာဂတ်စွဲ၊ ပစ္စုပ္ပန်စွဲ၊ အတွင်းစွဲ၊ အပြင်စွဲ၊ အကြမ်းစွဲ၊အနုစွဲ၊ အယုတ်စွဲ၊အမြတ်စွဲ၊အဝေးစွဲ၊ အနီးစွဲ၊ အယုတ်စွဲ၊အမြတ်စွဲ၊အဝေးစွဲ၊ အနီးစွဲ စသော အစွဲမျိုးစုံ မှ လွတ်ပြီး ငြိမ်းချမ်းမှု ရလာပါတယ်။ အရှင်ဘုရားပြောတဲ့ သတိပဋ္ဌာန်နှင့်ပတ်သက်သော ရှင်းပြချက်ကိုလည်း နားလည် သဘောပေါက်ပါတယ် ဘုရား။တပည့်တော် မေးလိုတာကတော့ ဤ သတိပဋ္ဌာန် တရားမှာ သတိပဋ္ဌာန်(၄)ပါးပါဝင်ပုံကို သိလိုပါတယ်ဘုရား။

ဦးဝိဇယ—– မဟာသတိပဋ္ဌာနသုတ် ဥဒ္ဒေသ မှာ– ဣဓ ဘိက္ခဝေ ဘိက္ခ ကာယေ ကာယာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈ ဒေါမနဿံ-—ရဟန်းတို့ ဤသာသနာတော်၌ တရားအားထုတ်လိုသော ရဟန်းသည် ဝီရိယ ပညာ သတိ ရှိသည်ဖြစ်၍ လောကမှာကျေနပ်ခြင်း၊ မကျေနပ်ခြင်းကိုပယ်ဖျောက်ပြီး ရုပ်အပေါင်းမှာ ရုပ်အပေါင်းကို (အနိစ္စ၊ဒုက္ခ၊အနတ္တ၊အသုဘ) ဟုအဖန်ဖန်ရှုနေ၏။

(ဝေဒနာသု ဝေဒနာနုပဿီ ဝိဟာရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ)= ဝီရိယ ပညာ သတိရှိသည်ဖြစ်၍ လောကမှာကျေနပ်ခြင်း၊ကျေနပ်ခြင်းတို့ကိုပယ်ဖျောက်ပြီး ခံစားမှုတွေမှာ ခံစားမှုအပေါင်းကို (အနိစ္စ၊ဒုက္ခ၊အနတ္တ၊အသုဘ)ဟုအဖန်ဖန်ရှုနေ၏။

(စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ)= ဝီရိယ ပညာသတိရှိသည်ဖြစ်၍ လောကမှာ ကျေနပ်ခြင်း မကျေနပ်ခြင်းကိုပယ်ဖျောက်ပြီး ခံစားမှုတွေမှာ ခံစားမှုအပေါင်းကို (အနိစ္စ၊ဒုက္ခ၊အနတ္တ၊အသုဘ) ဟုအဖန်ဖန်ရှုနေ၏။

ဓမ္မေသု ဓမ္မာနုပဿီ ဝီဟရတိ အာတာပီ သမ္ပဇာနော သတိမာ ဝိနေယျ လောကေ အဘိဇ္ဈာ ဒေါမနဿံ= ဝီရိယ ပညာသတိရှိသည် ဖြစ်၍ လောကမှာကျေနပ်ခြင်း၊ မကျေနပ်ခြင်း ကိုပယ်ဖျက်ပြီး ခံစားမှုတွေမှာ ခံစားမှုအပေါင်းကို (အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ အသုဘ)ဟုအဖန်ဖန်ရှုနေ၏။

သမ္ပာဇာန ဆိုတာ အမှတ်ကို အသေးစိတ် သိခြင်းဖြစ်ပါတယ်။ အရှင်ဘုရား နားလည်ပြီးသားဖြစ်တဲ့ စိတ်၏ပြေးခြင်း အထင်နှင့် မပြေးခြင်းအမြင် တရား အကြောင်း၊ စွန့်လျှင် +ချမ်းသာ ဟူသော ကုသိုလ်နှင့် စွဲလျှင်+ ဆင်းရဲ ဟူသော အကုသိုလ်တရားအကြောင်း၊ သမ္မာသမာဓိ၊ ရိုးရိုသမာဓိ စိစ္ဆာသမာဓိတရားအကြောင်း (တရးအားထုတ်တယ်)ဆိုတာ လောကသဘောအတိုင်း အမှန်နှလုံး သွင်းခြင်း စသည်ဖြင့် အသေးစိတ်သိမြင်ခြင်းကို ပညာဟုခေါ်ပါတယ်။

အာတာပီ-ဆိုတာ လောကသဘောအတိုင်းမသိပဲ လောကသဘောနှင့်ဆန့်ကျင်ဘက် နှလုံးသွင်း မှားသော အယောနိသောမနသီကာရ သမားဘဝမှ  လောကသဘောအတိုင်း နှလုံးသွင်းမှန်သော ယောနိသောမနသိကာရသမား ဘဝသို့မရောက်ရောက်အောင် တွန်းအားပေးနေတဲ့ဝိရိယကို ခေါ်ပါတယ်၊ တနည်းအားဖြင့် အထင်မှားသော အဝိဇ္ဇာ သမားဘဝသို့ မရောက်ရောက်အောင် တွန်းအားပေးနေတဲ့ ဝီရိယကိုခေါ်ပါတယ်။ တနည်းအားဖြင့်အမှားကို အမှန်ထင်ခြင်း မိစ္ဆာဒိဋ္ဌိ ကိုရှို့မြှိုက်ဖျက်ဆီးပြီး အမှားကို အမှား ဟုသိခြင်း သမ္မာဒိဋ္ဌိမဖြစ်ဖြစ်အောင် တွန်းအားပေးနေတဲ့ ဝီရိယကိုအာတာပီ-လို့ခေါ်ပါတယ်။ သတိမာ ဆိုတာ ထိုဝီရိယ ပညာ စိတ်မှာ ဖြစ်နေအောင် ဂရုစိုက်ခြင်း (သတိ)ကို သတိမာဟုခေါ်ပါတယ်။

သိပြီးပျက်သော သဘောရှိသော စိတ်ထဲမှာ ပညာ၊ဝီရိယ သတိရှိနေလျှင် လောကကြီးကို အဟုတ် ထင်ပြီး ကျေနပ်ခြင်း အဘိဇ္ဈာ နှင့်မကျေနပ်ခြင်း ဒေါမနဿ ကိုပယ်နိုင်ပါတယ်။စိတ်ထဲမှာ ပညာ၊ဝီရိယ သတိ၊မရှိသော အခါလောက ကို အဟုတ်ထင်ခြင်း မောဟ၊ကျေနပ်ခြင်း၊လောဘ၊ မကျေ နပ်ခြင်း ဒေါသများ ဖြစ်နေတတ်ပါတယ်။

စိတ်တရားသည် နှစ်ဘက်ရတရားဖြစ်ပါတယ်။ မောဟ၊ လောဘ ၊ဒေါသတရား ဝင်လို့လည်းရ ပါတယ်။ ဝီရိယ၊ပညာ၊သတိ၊တရားဝင်လို့လည်းရပါတယ်။ဥပမာ—စိတ်သည်ထိုင်ခုံနှင့်တူပါတယ်။ ထိုင်ခုံပေါ်မှာ ကောင်းသူထိုင်လို့လည်းရပါတယ်။ မကောင်းသူထိုင်လို့လည်းရပါတယ်။ထိုင်ခုံကတော့ ကောင်းသူထိုင်လို့လည်း မကျေမနပ်မဖြစ်ပါဘူး။ မကောင်းသူထိုင်တာကို လည်း မကန့်ကွက်ပါဘူး။ ထို့အတူစိတ်ထဲကို ကောင်းတဲ့တရားဝင်လို့လည်းရပါတယ်။ မကောင်းတဲ့ တရားဝင်လို့လည်းရပါတယ်။ စိတ်ကကောင်းတဲ့ တရားဝင်ရင်သိမယ်။မကောင်းတဲ့တရားဝင်လို့ လည်းရပါတယ်။

စိတ်က(ကောင်းတဲ့တရားဝင်ရင်သိမယ်၊မကောင်းတဲ့တရားဝင်ရင်မသိဘူး)ဟဘက်မလိုက်ပါဘူး။သိပြီးပျက်တဲ့အလုပ်သာလုပ်ပါတယ်။ ထိုင်ခုံပေါ်မှာ ကောင်းသူထိုင်လျှင် မကောင်းသူ ထိုင်လို့မရသကဲ့သို့ စိတ်မှာလည်း တရားကောင်းများ ဝင်နေလျှင် မကောင်းသော တရားများ ဝင်လို့ရပါဘူး။စိတ်ထဲ ကောင်း တဲ့ တရားများထည့်ထားခြင်းကိုသတိပဋ္ဌာန် တရားအားထုတ်တယ် လို့ခေါ်ပါတယ်။မကောင်းတဲ့ တရားဝင်နေလျှင်တော့ (သတိပဋ္ဌာန်တရာဒအားထုတ်ပါတယ်)ဟု နာမည်တပ် သော်လည်း တရားအားမထုတ်ပါဘူး။ မကောင်းတရားခိုင်းရာ ထင်သလိုလုပ်နေပါတယ်။

စိတ်ထဲမှာ တရားကောင်းများ ဝင်နေလျှင် မကောင်းတရား ကိုသီးသန့် ပယ်စရာမလိုပါဘူး။ ဥပမာ—အရှေ့ဘက်လှည့်နေသောလူကို အနောက်ဘက်ကို လှည့်လိုက် ဟုခိုင်းလျှင် အရှေ့ဘက်ကိုကျောပေးလိုက်ဟု ခိုင်းစရာမလိုပဲ ကျောပေးပြီးသားဖြစ်သွားပါတယ်။ ထို့အတူ စိတ်ထဲ မှာ မကောင်းသော တရားဝင်နေသော အခါကောင်းတဲ့တရား ထည့်ထားလိုက်ရင် မကောင်း တဲ့တရား တွေဟာ စိတ်ထဲမှာမရှိတော့ပါဘူး။ မကောင်းတဲ့ တရားတွေကို အထူးပယ် စရာမလိုဘဲ ပယ်ပြီးသားဖြစ် သွားပါတယ်။

စိတ်သည်အာရုံကို မှီပြီးဖြစ်ပါတယ်။အာရုံတစ်ခုခု မရှိရင်စိတ်မဖြစ်ပါဘူး။ထို့ကြောင့် စိတ်၏ အမှီခံ အာရုံ ကို ကာယ၊ဝေဒနာ၊စိတ္တ၊ဓမ္မ လို့ (၄)မျိုးခွဲ ဟောထားပါတယ်။စိတ်၏သိစရာ ကာယ၊ဝေဒနာ၊စိတ္တ၊ ဓမ္မ ဟုခွဲဟော ထားတာဖြစ်သောကြောင့် ဤ (၄)ပါးကို –ငါက ကာယကိုရှုမယ်၊ငါက ဝေဒနာကိုရှုမယ်၊ငါကစိတ်ကိုရှုမယ်၊ ငါကဓမ္မကိုရှုမယ် ဟုကိုယ်လိုရာဆွဲမရှုရပါဘူး။ စိတ်မှီရာအာရုံကို အဓိက မထားရပါဘူး။

စိတ်ထဲမှာ သတိ၊ဝီရိယ၊ ဉာဏ်ရှိအောင်သာ အဓိကထားရမှာ ဖြစ်ပါတယ်။ စိတ်မှီရာအာရုံကိုရွေးပြီး ရှုမယ်ဆိုရင် ဥပမာ— ငါကစိတ်ကိုရှုမယ်ဆိုရင် စိတ်ကိုသိနေချိန်မှာ အဆင်ပြေလိမ့်မယ်။ကျန်တဲ့ ကာယ၊ဝေဒနာ၊စိတ္တ ဓမ္မ ဟူသော အာရုံကိုသိသောအချိန်မှာ ကမ္မဋ္ဌာန်းပျောက်သွားမယ်။

အာရုံကိုရွေးပြီးရှုတဲ့ ပုဂ္ဂိုလ်တွေလည်း တရားလောကမှာ အလွန်များပါတယ်။ အာရုံ ရွေးရှုရင်တော့ တရားလုပ်ရတာ တစ်ခါတစ်လေ အဆင်ပြေမယ်၊ တစ်ခါတစ်လေ အဆင်မပြေနိုင်ဘူး။(အာရုံကိုရွေးရှုတယ်)လို့ ကိုယ်တိုင်တော့ မသိဘူး။ဒါပေမဲ့ တရားအားထုတ်တဲ့အခါ အဆင်ပြေခြင်း အဆင်မပြေခြင်း ဖြစ်နေတယ်ဆိုရင် အာရုံကိုရွေးပြီး ရှုလို့သာမှတ်သားပါဘုရား။

အကျဉ်းချုပ် နားလည်ရမှာကတော့ စိတ်ကအာရုံကိုသိရာမှာ ဘာအာရုံကိုပဲသိသိ ထိုစိတ်အသိထဲမှာ သတိ၊ဝီရိယ၊ပညာ ပါနေဘို့ပဲ အရေးကြီးပါတယ်။ ကာယကိုသိရင်လည်း သတိ ဝီရိယဉာဏ်နှင့်သိ၊ ဝေဒနာကိုသိရင်လည်း သတိ၊ဝီရိယ ဉာဏ်နဲ့သိ၊စိတ်ကိုသိရင်လည်း သတိ ၊ဝီရိယ ဉာဏ်နှင့် သိဖြစ်အောင်ကြိုးစားပါဘုရား။

Leave a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: