သမ္မာသမာဓိ-ဖြစ်အောင်အားထုတ်နည်း
ဓမ္မဓရ—စိတ်ကိုပြေးတယ်ဆိုတဲ့အထင်ကြောင့် ဖြစ်တတ်တဲ့ အစွဲတွေကိုဆင်ခြင်ပါ့မယ်ဘုရား။
ဦးဝိဇယ—ဟုတ်ပါတယ်။ စိတ်သဘောကိုမသိတဲ့ အတွက်ကြောင့်သာ စိတ်ကိုချုပ်တာ၊ ဆွဲတာ၊ဖိတာ တွေဖြစ်လာရတာပါ။
စိတ်သဘောကိုသိထားရင် စိတ်သိတာကိုမတားပဲ လိုချင်မှုနဲ့ မသိအောင်၊(ပျက်နေတယ်) ဟုသိနေ အောင် ကြိုးစားမှာဖြစ်ပါတယ်။ သိပြီးပျက်တဲ့ စိတ်ကို မသိအောင်လုံးဝ မထိန်းချုပ်ရ ပါ ဘူး။ထိုစိတ်ကို မှီပြီး ဖြစ်တဲ့ လိုချင်၊ဖြစ်ချင်၊ရချင် မှု ပရိယုဋ္ဌာနကိလေသာ ကိုသာ ပယ်ရမှာဖြစ် ပါတယ်။ ပယ်လိုလျှင် (ပျက်နေတယ်) ဟုခဏခဏ သိနေအောင်လုပ်ပြီး ပယ်ရမှာ ဖြစ်ပါတယ်။
(ဝင်လေ၊ ထွက်လေ)နှင့် (ပျက်နေတယ်) ဟု ရွတ်တာနှင့်ရောနေတာဟာ အပြစ်မရှိပါဘူး။ ကိုယ်က တမင်တကာ ဖန်တီးပြီး အချီအချ တူအောင်တော့ မလုပ်ရပါဘူး။ တူအောင် တမင်လုပ်ရင်တော့ ဝင်လေကိုပျက်နေတယ် ဟုနာမည်တပ်သလိုဖြစ်သွားလိမ့်မယ်။ သမာဓိရလည်း ဝင်လေထွက်လေ ကိုမှီနေလိမ့်မယ်။
ဝင်လေထွက်လေကိုမှီနေရင် သမ္မာသမာဓိ မဖြစ်ပဲ ရိုးရိုးသမာဓိ ဖြစ်သွားပါလိမ့်မယ်။ သမ္မာသမာဓိ ကိုအားထုတ်တဲ့အခါမှာ အလုပ်တစ်ခုတည်း ထားသင့်တယ်။
ဟိုလိုလုပ်မှဖြစ်မယ်၊ ဒီလိုလုပ်မှဖြစ်မယ်၊ ဟု အလုပ်မရှုပ်သင့်ပါဘူး။ပျက်နေတယ်-ပျက်နေတယ် ဟု စိတ်ရောနှုတ်ပါ ရွတ်နေတဲ့ အလုပ်လေးကို လုပ်နေရတာကို ကျေကျေနပ်နပ် လုပ်နေသင့်တယ်။ တရားအားထုတ်တယ် ဆိုတာ ပျက်နေတယ်-ပျက်နေတယ်ဟု ကျေနပ်စွာ အေးအေးဆေးဆေး စိတ်ရော၊နှုတ်ပါရွတ်ခြင်း၊အလုပ်ကလွဲပြီး တစ်ခြားအလုပ်မရှိဟုနားလည်ကာ အားထုတ်သင့်တယ်။
ပျက်နေတယ်-ဟုမရွတ်မိလိုက်သော လွန်သွားသောအချိန်ကို ပြန်တွေးပြီး နှမျောပူပန်ပြီး မနေရပါဘူး။ အနာဂတ်ကိုကျော်ပြီး-ဘယ်နှစ်နာရီအထိရွတ်မယ်၊ဟုလည်းတွေးပြီး မရွတ်ရပါဘူး။ သတိရတိုင်း လိုချင်၊ဖြစ်ချင်ရချင် မပေါ်နိုင်အောင် ပျက်နေတယ်-ပျက်နေတယ်လို့အေးအေးဆေးဆေးလေး ရွတ်သင့်ပါတယ်။
ခန္ဓာကိုယ်ကိုအသက်သာဆုံးထားရမယ်၊ စိတ်ကိုလည်းချုပ်ခြင်း၊ ဆွဲခြင်း၊ဖိခြင်း လုံးဝမလုပ်ပဲ အသက် သာဆုံး၊အလွတ်လပ်ဆုံး အဖြစ်ထားရမယ်။ ပျက်နေတယ်-ပျက်နေတယ်ဟုလည်း အအေး ဆေး ဆုံးရွတ်နိုင်ရမယ်။
သမာဓိရမှု၊မရမှု၊ တရားရမှု၊မရမှု လုံးဝကျော်မတွေးရပါဘူး။
ထိုရခြင်း၊ မရခြင်း သည်လည်း တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ရဲ့ အလုပ်လုံးဝမဟုတ်-ကြောင်းကို နားလည် သဘောပေါက် ထား ရပါမယ်ဘုရား။