ကုသိုလ်နှင့်အကုသိုလ်ကိုတည်ပြီးဝိဇ္ဇာဉာဏ်ဖြစ်ပုံ
မေး–အရှင်ဓမ္မဓရ— ကုသိုလ်နှင့်အကုသိုလ်ကိုတည်ပြီးဝိဇ္ဇာဉာဏ်ဖြစ်ပုံကို တွဲပြီးရှင်းပေးတော်မူပါဘုရား။
ဖြေ–ဦးဝိဇယ—- ဝိဇ္ဇာဉာဏ်၏အသိသည် ခိုင်မာပါတယ်။ အဝိဇ္ဇာ၏အသိသည် မခိုင်မာပါဘူး။ဘာကြောင့်လည်း ဆိုရင် စီးပွားဥစ္စာ၊ အလုပ်၊အာရုံ၊ခန္ဓာဟူသော ဤသုံးစရာ(၄)မျိုးတို့သည် အမြဲတမ်းစွန့်နေရပါတယ်။ စွန့်ရမဲ့သဘော တွေ ပါနေတယ်။
စွန့်ရမဲ့သဘောနဲ့ အမြဲတမ်း စွန့်နေရတဲ့သဘော တွေပါဝင်နေတဲ့လောက ကြီးကို(စွန့်လျင်+ချမ်းသာ)တယ်လို့ အမှန်အတိုင်း သိမြင်ခြင်းသည် ဝိဇ္ဇာဉာဏ်ဖြစ်ပါတယ်။စွန့်ရမဲ့သဘော ရှိသောလောကကြီးကို ပြောင်းပြန်ဆန့်ကျင်ပြီး (စွန့်လျှင်+ဆင်းရဲတယ်) ဟုအမှားကို အမှန်ထင်ခြင်းသည် အဝိဇ္ဇာဖြစ်ပါတယ်။လောကသဘောကို ဆန့်ကျင်ပြီး (စွဲလျှင်+ချမ်းသာ)ဟုငြင်းဆန်စွာဖြစ်ခြင်း သဘောကို အကုသိုလ်လို့ခေါ်ပါတယ်..။
(စွန့်လျှင်+ချမ်းသာ)ဟူသောကုသိုလ်ကို အမှန်အတိုင်း သိမြင်သောဝိဇ္ဇာဉာဏ်က ရှေ့ဆောင် လမ်းပြပြု လုပ်လျှင်၊(ငါချမ်းသာချင်တယ်၊စွန့်လွှတ်တဲ့စိတ်ကို ပွားများမယ်၊စွဲလန်းတဲ့စိတ်ကို ကုန်အောင် လုပ်မယ်၊ စွန့်လွှတ်သောစိတ်ကိုပွားများမယ်)ဟုလိုက်နာကုန်သော သတ္တဝါတိုင်း စွန့်လွှတ်စိတ်ဖြစ်ကာချမ်းသာ ကြပါ တယ်။
စွန့်လျှင်+ဆင်းရဲလိမ့်မယ်–စွဲလျှင်+ချမ်းသာလိမ့်မယ်—ဟုအထင်မှားသော အဝိဇ္ဇာက ရှေ့ဆောင်လမ်းပြပြုလုပ် ခံရသောသတ္တဝါတွေမှာ (ငါချမ်းသာချင်တယ်။ စွဲလန်းတဲ့စိတ်ကိုပွားများမယ်၊လုံးဝ မစွန့်လွှတ်နိုင်ဘူး။) (ငါဆင်းရဲမှာကြောက်တယ်၊လုံးဝ မစွန့်လွှတ်နိုင်ဘူး၊ စွဲလန်းတဲ့စိတ်ကိုပဲပွားများမယ်)ဟုလိုက်ကြ သောကြောင့်၊ စွဲလန်းစိတ်ဖြစ်ကာ၊ ဆင်းရဲမှုမျိုးစုံကိုခံစားကြရပါတယ်ဘုရား။
ဝိဇ္ဇာဉာဏ်သည် လောက အမှန်တရားအပေါ်ကို အမှန်အတိုင်း သိရသောကြောင့် အင်အားကြီးမားပါတယ်။ ရပ်တည်ရာရပါတယ်။
အဝိဇ္ဇာသည် အထင်ပေါ်မှာသိရသောကြောင့် အင်အားသေးပါတယ်။ရပ်တည်ရာမရနိုင်ပါဘူး။
ဝိဇ္ဇာဉာဏ်နှင့်ပေါင်းခွင့်ရသောစိတ်သည် အင်အားကြီးသောကြောင့် ရပ်တည်ရာရကြပါတယ်။မတုန်လှုပ်ပါဘူး။
အဝိဇ္ဇာနှင့်ပေါင်းနေရသောစိတ်သည် အင်အားသေးသောကြောင့် ရပ်တည်ရာလုံးဝမရနိုင်ပါဘူး။အမြဲတမ်းတုန်လှုပ်နေတယ်။
ဥပမာ-အမှောင်များသည်၊ အလင်းမရောက်ခင်မှာလွှမ်းမိုးသောလည်း၊ အလင်းရောက်သော အခါ အမှောင် များ ပျောက်ကွယ်သွားရပါတယ်။
ထို့အတူအဝိဇ္ဇာတည်းဟူသော အထင်မှားခြင်း၊ အမှောင်များလွှမ်းမိုးခံရသောသတ္တဝါတို့သည်၊ ဝိဇ္ဇာဉာဏ်တည်းဟူသော အမှန်မြင်ခြင်း၊အလင်းမရခင်မှာမိုက်မဲတွေဝေနေကြသော်လည်း၊အမှန်မြင်ခြင်း အလင်းဝိဇ္ဇာဉာဏ်ရသောအခါမှာ-ပညာရှိသူတော်ကောင်းဖြစ်လာနိုင်ပါတယ်။အထင်မှားခြင်း အဝိဇ္ဇာသမားဘဝမှ အမြင်မှန်ခြင်း၊ဝိဇ္ဇာဉာဏ်သမားဘဝကိုရောက်ခွင့်ကြုံတုံး ကြိုးစားသင့်ပါတယ်ဘုရား။
(ယခင်က သစ္စာအလင်းBlog တွင်ဆရာတော် ဟောကြားချက်ကို -ကိုးကားရေးသားခဲ့ပါတယ်။ဤ Post မှစတင်၍ ၊ဆရာတော်၏စာအုပ်မှ မူရင်းအတိုင်းကူးယူဖော်ပြသွားမှာဖြစ်ပါတယ်။)