ဓမ္မဓရ= တပည့်တော် အနေနှင့်ရှင်းသလောက် ဖြစ်ပါပြီဘုရား။ ဒါပေမယ့် သည် တရားမှန်ကန်ကြောင်းကို ဘာနဲ့တိုင်း ပြီးယုံကြည် လက်ခံရမလဲ ဘုရား။
ဦးဝိဇယ= တပည့်တော် က တရားဟော တာ မဟုတ်ပါဘူးဘုရား။ လောကကြီးရဲ့ သဘာဝ ရှိတဲ့ အတိုင်းကို တပည့်တော် ဥာဏ်မှီ သလောက် ဘဝ အရှိကို ကြည့်ပုံကြည့်နည်း ပြောပြခြင်းသာ ဖြစ်ပါတယ်။အရှင်ဘုရားရဲ့ ခန္ဓာ ကဟောတဲ့တရားကိုဘဲ တပည့်တော် ပြောပြတဲ့ အသိနဲ့ နာယူပါ။ ခန္ဓာ က ဟောတဲ့တရားကို ပဲ တပည့်တော် ပြောတဲ့ အသိနဲ့နာယူပါ။ ခန္ဓာ ကပြောတာနဲ့ မကိုက်ညီ ရင် မယုံပါနဲ့ ဘုရား။
တရားစစ်မစစ် သိချင်ရင်တော့ တရားဂုဏ်တော် ( ၆) ပါးနဲ့ စစ်ရပါတယ်။ တရားဂုဏ်တော်(၆)ပါးနှင့် ကိုက်ညီ လျှင်ဘယ်သူဟောဟော မှန်တာ တွေ ချည်းပါပဲဘုရား။ တရားဂုဏ်တော် (၆) ပါး နှင့်စစ်ပုံကတော့
(၁)သွာက္ခာတော ဘဂဝတာဓမ္မော =မြတ်စွာဘုရားသည် တရားတော် ကို အစ အလယ် အဆုံး၊ ( ၃)ပါး အစုံ၊ ကောင်းခြင်းဂုဏ်နဲ့ ပြည့်စုံစွာဟောကြားတော် မူပါပေသည်။ အစ၏ ကောင်းခြင်းမှာ =ကြားနာယုံပင် အပူစင်ခြင်း၊ အလယ်၏ ကောင်းခြင်းမှာ= ကျင့်ကြံလိုက်နာလျှင် ချမ်းသာခြင်း။ အဆုံး၏ ကောင်းခြင်းမှာ = ကျင့်ပြီးလျှင်လည်း လွန်စွာ ငြိမ်းအေးခြင်း။ ဤ (၃)ချက်နှင့် ပြည့်စုံပါတယ်။
ဓမ္မဓရ= အစ၏ ကောင်းခြင်းမှာ အလွန်ပင် ပြည့်စုံပါတယ်ဘုရား။ဤတရားကို ကြားနာရသော အခါ – ဘယ်ဘက်ကိုမှ အစွန်းမထွက်ဘဲ အကောင်းထင်ခြင်း၊ အဆိုးထင်ခြင်းမှ လွတ်ကင်းသောကြောင့် အပူစင်ပါတယ်ဘုရား။ အလယ်၏ ကောင်းခြင်းနှင့်လည်း အလွန်ပင် ပြည့်စုံပါတယ်။ နာတာ တခြား၊ ကျင့်တာ တခြား မဟုတ်ပဲနာရင်းကျင့်၊ကျင့်ရင်းနာရတဲ့ အတွက် ကြောင့်၊ဝိဇ္ဇာ စရဏ (၂)မျိုးပါသွားသောကြောင့် အသိဥာဏ် အဆင့်ဆင့်တက်ခါ ချမ်းသာပါတယ်။
အဆုံး၏ ကောင်းခြင်းနှင့်လည်း သာ၍ ပင်ပြည့်စုံပါတယ်။နာရင်း ၊ ကျင့်ရင်း လုပ်သော အခါ အဟုတ်ထင်ခြင်း ခိုင်းတာတွေကို ပယ် စွန့် နိုင်သောကြောင့် ဘဝရပ်တည်ရာ ရကာ၊ ငြိမ်းချမ်းစွာနေနိုင်ခဲ့ပါတယ်။ ကျင့်လေ ငြိမ်းချမ်းလေလည်း ခံစားရပါတယ်ဘုရား။ဤ ဂုဏ် အတွက် အားလုံး ပြည့်စုံပါတယ်ဘုရား။
ဦးဝိဇယ=(၂) ဓမ္မော တရားတော်မြတ်သည် သန္ဒိဋ္ဌိကော= ကျင့်ဆောင်သူတို့အား၊ ယခု ပစ္စက္ခ ၌ ပင်တွေ့မြင် ယုံကြည်ရသော ကောင်းကျိုးချမ်းသာနှင့် လည်းပြည့်စုံပါပေ၏။ ကိုယ်တွေ့ဖြစ်ရမယ်။ ဒီလိုလုပ်ရင် ဟိုလိုရမှာတဲ့၊ စသည်ဖြင့် မျှော်လင့်ချက်နှင့် လုပ်ရတာမျိုး မဟုတ်ဘူး ဟု ဆိုလိုပါတယ်။
ဓမ္မဓရ= ဤ ဂုဏ်တော် နဲ့တော့ ပိုပြီး ထိထိ မိမိ ပြည့်စုံပါတယ်။ တပည့်တော် လုပ်ခဲ့ရတဲ့ တရားဟာ -ကိုယ်တွေ့ တရားတွေပဲ ဖြစ်ပါတယ်။ မျှော်လင့်ချက်နဲ့ လုပ်ခဲ့ရတာ မရှိပါဘူး။ လိုချင် ဖြစ်ချင်ရချင်တဲ့မျှော်လင့်ချက်တွေကို ၊ ပယ်နိုင်အောင်၊ခွာနိုင်အောင် ၊ အပြီး အပြတ် စွန့်နိုင်အောင် လုပ်ပြီး ငြိမ်းချမ်းမှု၊ကိုလည်း ကိုယ်တွေ့ ခံစားခဲ့ရပါတယ်။ လက်ရှိဘာကိုပင် သုည မြင်အောင်ကြည့်တဲ့ နည်းများ ဖြစ်သောကြောင့် ဤ ဂုဏ်တော် နဲ့ ထိထိမိမိ ကိုက်ညီနေတာကို တွေ့သိ ခံစားလို့ရပါတယ်။
ဦးဝိဇယ= (၃) ဓမ္မော = တရားတော်မြတ်သည် ၊ အကာလိကော- ကာလမရွေး ကျင့်သည့်နေ့ပင် တွေ့မြင်ယုံကြည် ရသော၊ ကောင်းကျိုးချမ်းသာနှင့်ပြည့်စုံပါပေ၏။ ဝိပဿနာ တရားမှန်လျှင် အချိန်စောင့်စရာမလိုပါဘူးတဲ့။ အကြွေးမဟုတ်ဘူး၊ ယခု ရှုလျှင် ယခု ငြိမ်းသောတရားမျိုး ဖြစ်ရမယ်။ လက်ငင်း တရားမျိုး ဖြစ်ရမယ်။
ဓမ္မဓရ=ဤ ဂုဏ်တော် နှင့်လည်းညီ ညွတ်ပါတယ်ဘုရား။လိုချင်သောစိတ်ဟာ အကြွေးယူသောစိတ်ဖြစ်ပါတယ်။ဖြစ်ချင်နေတဲ့စိတ်ဟာ ကာလ ကိုစောင့်မျှော် နေတဲ့စိတ် ဖြစ်ပါတယ်။ ရချင် နေတဲ့ စိတ်ဟာ ယခုဖြစ်လျှင် ယခုမငြိမ်းသော စိတ်ဖြစ်ပါတယ်။ ယခု အားထုတ်ရသော တရားမှာ လိုချင်၊ ဖြစ်ချင်ရချင်သောစိတ်ကို အဓိက ငြိမ်းသတ်ရတာ ဖြစ်တဲ့အတွက် အခုရှုလို့ အခုငြိမ်းရင် အခုကောင်းကျိုးရပါတယ်။ ရှုတိုင်း ရှု တိုင်း ဘဝရဲ့ ဘာမှ မဟုတ်ကြောင်း ကိုနား လည်သဘောပေါက်တဲ့အတွက် ( ဘဝ ရဲ့ အဓိပ္ပါယ် ကို သိပြီး အဓိပ္ပါယ်ရှိတဲ့ ဘဝ ဖြစ်လာပါတယ်)။ ထို့ကြောင့်ကာလ စောင့်စရာ မလိုခြင်း အကာလိက ဂုဏ်တော် နှင့်လည်း ပြည့်စုံညီညွတ်ပါတယ်ဘုရား။
ဦးဝိဇယ= ( ၄) ဘဂဝတော = မြတ်စွာ ဘုရား၏ ၊ ဓမ္မော -တရားတော်မြတ်သည်။ ဧဟိပဿိကော= လာပါ၊ ရှုပါ၊ကျင့်ကြံပါ၊ – ဟု မပါပါအောင် ခေါ် ဆောင် သွတ်သွင်းတိုက်တွန်းခြင်းငှာ၊ ထိုက်တန်သောဂုဏ်ကျေးဇူး အထူးနှင့်လည်း ပြည့်စုံပါပေ၏။ မြတ်စွာ ဘုရား၏ တရားတော်ဟာ ( နည်းနည်း ကျင့်လျှင် နည်းနည်း ချမ်းသာတယ်။ များများကျင့်လျှင် များများချမ်းသာတယ်) ကျင့်မိဘို့ပဲလိုတယ်။
လုပ်သလောက်ရနိုင်တယ်။ ဤ အကြောင်းများကြောင့် တရားအရသာကို ခံစားနိုင်ကြကုန်သော သူတော်ကောင်းတွေဟာ ( တရားကျင့်ကြပါ) လို့ တိုက်တွန်းကြတယ်။ချမ်းသာမှာ သေချာပေါက်ဖြစ်သောကြောင့် တိုက်တွန်းခြင်းငှာ လည်း ထိုက်တန်ပါပေတယ်။
ဓမ္မဓရ= တရားအရသာကို တပည့်တော် သိသလောက်ကိုပဲ ဤ ဂုဏ်တော် နဲ့ အလွန်ကိုက်ညီပါတယ်။ ဘာမှ မဟုတ်တာကို အဟုတ်ထင်ပြီး ကိုယ်ဆင်းရဲခြင်း၊စိတ်ဆင်းရဲခြင်း ရောက်နေကြကုန်သော သတ္တဝါတွေ၊ လူတွေကို တွေ့ရတဲ့အခါအလွန်သနားမိပါတယ်။( ဘာမှ မဟုတ်ဘူး) ဆိုတာ ကို သူတို့သိစေချင်တယ်။ သိစေချင်တာကြောင့်ပြောပြတယ်။ ပြောပြသော်လည်း င့ါ အဖွဲ့သား ။ ဖြစ်စေချင်လို့ အုပ်စု ဖွဲ့ လိုသောစိတ်နဲ့ ပြောတာ မဟုတ်ပါဘူး။အနှောင်အဖွဲ့ မရှိဘဲ ချမ်းသာနေတာကို မြင်ချင်လို့ ပြောပြပါတယ်။ ကိုယ်ပြောတဲ့ အတိုင်းမလုပ်လျှင်လည်း စိတ်မဆိုးပါဘူး။ ပြောတဲ့ အတိုင်းမလုပ်မှ ချမ်းသာနေရင်လည်း ဝမ်းမြောက်တာပါဘဲ။ ဘာမှ အခက် အခဲမရှိပါဘူး။ မေတ္တာ အစစ် ၊ ကရုဏာ အစစ်၊ မုဒိတာ အစစ်၊ ဥပေက္ခာ အစစ် ထားနိုင်ပါတယ်။ဘယ်သူ့ကိုမှ ကိုယ့်ကြောင့်စိတ်ဆင်းရဲသွားတာမျိုး၊ မဖြစ်စေလိုပါဘူး။ ငါဆိုတာ မရှိဘူး – အမှန် အတိုင်းသိထားမှတော့ ငါ့အဖွဲ့ ၊ ငါ့ပရိသတ်၊ သူ့အဖွဲ့၊သူ့ ပရိသတ်၊ ငါ့ဘာသာ၊ သူ့ဘာသာ၊ ) စသော အနှောင်အဖွဲ့ မရှိ တော့ လွတ်ငြိမ်းချမ်းသာ ကို မိမိ ခံစားရသလို ပုဂိုလ် သတ္တဝါ မရွေး ခံစားစေချင် လို့ (လာပါ- ရှုပါ ၊ ကျင့်ပါ ) လို့ ခေါ်ဆောင်ခြင်း ဖြစ်ပါတယ်။ တရားမသိခင်ကတော့ ကိုယ့် အထင်ကို အကောင်းထားပြီး ပြောရ ရေးရတာဆိုတော့ အုပ်စု ဖွဲ့ သလိုတော့ဖြစ်နေပါတယ်။ အထင်ချင်းတူရင် ငါ့ဘက်သားလို့ သတ်မှတ်ပြီး စွဲကြတာဟာ သတ္တဝါ တွေရဲ့ သဘာဝ ပါဘဲ ဘုရား။
ဥိးဝိဇယ= ( ၅) ဘဂဝ တော= မြတ်စွာ ဘုရား၏ ဓမ္မော- တရားတော် မြတ်သည် ၊ သြပါနေယျိကော- မိမိ ကာယ အဇ္ဈတ္တ ရရှိပေါက်ရောက် ကိုယ်တွေ့ မြောက်အောင် ကပ်၍ ဆောင်ထိုက်သော ဂုဏ် အထူးနှင့်လည်း ပြည့်စုံပါပေ၏ တဲ့။
ဓမ္မဓရ=ဤ ဂုဏ်တော် နဲ့လည်း တပည့်တော် ခံစားရတာ နဲ့တော့ တစ်ထပ်တည်း တစ်သားတည်း ကျပါတယ်ဘုရား။ တရားကို သေသေချာချာ ရှုတတ်လိုက်တာဟာ ( လိုတရ – ဣ စ္ဆာ သယ ရွှေအိုး) ကိုရလိုက်သလိုပါ ဘဲ။ ဘာကြောင့်လည်းဆိုတော့ – – ဣ စ္ဆာ သယရွှေအိုးရထားတဲ့ သူတွေဟာ စားဝတ်နေရေး၊ ကျန်းမာရေး အတွက်၊ ထိုရွှေ အိုးထဲက နေ နှိုက်လိုက်ရင်၊ ကိုယ်လိုချင်တဲ့၊ စား စရာ ဝတ်စရာ၊နေစရာ ဆေးပစ္စည်း အစရှိတာ တွေ အားလုံးရကြပါတယ်။ ထိုရွှေအိုးကြောင့် အားလုံး ရရှိလာ သော အရာဝတ္ထု များကို ကိုယ်သွားရာ သယ်ဆောင်မသွားဘဲ၊ ရွှေအိုးကိုသာ သယ်ဆောင်သွားပါတယ်။ ရွှေအိုးကိုတော့မိမိ အသက်နဲ့ ထပ်တူထားပြီး စောင့်ရှောက်ထိန်းသိမ်းကြပါတယ်။ ထို့ အတူ ယခု ရှု ပွားခဲ့ရသောတရားသည် စိတ်ချမ်းသာမှုကို အပြည့် အဝပေးနိုင်ပါတယ်။ သတ္တဝါတွေ အားလုံး လှုပ်ရှားနေကြတာ ချမ်းသာဘို့သာ ဖြစ်ပါတယ်။ အလိုပြည့်ဘို့သာ ဖြစ်ပါတယ်။လိုနေသရွေ့ အလိုကလည်း ဘယ်တော့မှ ပြည့်ကြမှာ မဟုတ်ပါဘူး။
အလို မပြည့် သမျှလည်း ချမ်းသာကြမှ မဟုတ်ပါဘူး။ တရားက အလို ပြည့်အောင် လုပ်ပေးနိုင်ပါတယ်။ အလို မရှိအောင်၊ လုပ်ရတော့ အလိုနည်းလေ၊အလိုပြည့်လာလေ၊ အလို မရှိတော့တဲ့ အခါ မှာ ၊ အားလုံးပြည့်စုံတဲ့ အရသာကို ခံစားကြရပါတယ်။ တရားအရသာ ဟာ အကောင်အထည်ပြောပြဘို့တော့ခက်ပါတယ်။
စားဝတ်နေရေး၊ကျန်းမာရေး ပြည့်စုံသည် ဖြစ်စေ၊ မပြည့်စုံသည် ဖြစ်စေ ၊ အလိုအာသာကို မလာအောင် အားထုတ်ထားတော့ အလိုပြည့်စုံတဲ့အရသာကို ခံစား နေရပါတယ်။ တောင့်တခြင်း ၊ ကြောင့်ကြခြင်း ကင်းပြီး ငြိမ်းချမ်းတည်ကြည် တဲ့ အရသာကို အားထုတ် တိုင်းရနိုင်တော့ ဆောင်ထားခြင်းငှာ အလွန် ထိုက်တန်တဲ့တရားဖြစ်နေပါတယ် ဘုရား။
ဦးဝိဇယ= (၆) ဝိညူဟိ= တရားသိသူ ရှင်လူ အပေါင်း၊ သူတော်ကောင်းတို့သည်။ ပစ္စတ္တံ = အသီးသီးသော မိမိတို့ သန္တာန်မှာ ဝေဒိတဗ္ဗော-ချမ်းသာလေစွ၊ကောင်းလေစွ ဟု၊ကာယစိတ္တ၊ သုခ နှစ်ပြင် ထင်ထင်ရှားရှား ခံစားသိမြင်ရသော ၊ ဂုဏ်ထူးဝိသေ သနှင့်လည်းပြည့်စုံတော် မူ ပါပေ၏ တဲ့ ဘုရား။
ဓမ္မဓရ= ဤ ဂုဏ်တော် နှင့်လည်းကိုက်ညီ ပါတယ်ဘုရား။ တပည့်တော် တို့ ကိုယ်စိတ်နှစ်ပါး ဆင်းရဲကြတယ် ဆိုတာ ၊ ကိုယ့် ဘဝ ရဲ့ အဓိပ္ပါယ်ကို မသိသောကြောင့် အဟုတ်ထင်ခြင်း၊ လိုချင်ခြင်း များ၏ လွှမ်းမိုးနှိပ်စက်မှုကို ခံနေကြရပါတယ်။
ဘဝကို အဟုတ်ထင်ပြီး အဓိပ္ပါယ်ရှိချင်လေ၊ ဆူပူမှုများက နှိပ်စက်လေ၊ ဘဝက အဓိပ္ပါယ် မရှိလေ ဖြစ်နေကြပါတယ်။
ပညတ်နယ် (၂)မျိုးကလည်း တကယ်မရှိသောကြောင့် ဘာ မှ မဟုတ်ခြင်း၊ သဘောနယ် နှင့် သုည နယ်ကအမှန်ရှိသော်လည်း သဘောမျှရှိ၍ ဘာမှ မဟုတ်ခြင်း၊ဟူသော ဘာမှ မဟုတ်သော ဘဝ အဓိပ္ပါယ်ကို ( ဘာမှမဟုတ်ဘူး ) ဟုသိမြင်ခြင်းသည် အေးဆေး တည် ငြိမ်စွာ နေနိုင်ပါတယ်။
အဓိပ္ပါယ်ရှိသော ဘဝကို ရရှိထားသောကြောင့် စိတ်ရော ကိုယ်ပါ ချမ်းသာမှုရနေပါတယ်။ ဘဝရဲ့ အဓိပ္ပါယ်ကို မသိသောကြောင့် ဆင်းရဲခဲ့တာတွေကို တွေးမိသည် ဖြစ်စေ။
သူတပါးကို တွေ့ရသည် ဖြစ်စေ၊ကိုယ့်ကိုကို ကံကောင်းတယ်လို့ ခံစားနားလည်နေပါတယ်။ ဤ ဂုဏ်တော်နှင့်ကိုက်ညီကြောင်း တပည့်တော် ကိုယ်တွေ့ ခံစားချက် ဖြင့် လျှောက်ထားခြင်း ဖြစ်ပါတယ် ဘုရား။
တပည့်တော် ကျင့်တဲ့ တရားဟာ တရား ဂုဏ်တော် ( ၆ )ပါးနှင့်ကိုက်ညီနေပါတယ်။
ဘဝရဲ့ အဓိပ္ပါယ်ကိုတိတိကျကျမသိအောင် အဝိဇ္ဇာ ကဖုံးလွှမ်းတဲ့အခါ ဘဝကိုအဓိပ္ပါယ်ရှိရှိ မနေနိုင်ကြပါဘူး။ အိုခြင်း၊ သေခြင်း ၏ အဆုံးကို မမြင်နိုင်သောကြောင့် အဝိဇ္ဇာ မာန ပညတ်နယ်က အိုခြင်း။သေခြင်း အထင်ပင် အဟုတ်ထင်သော အဝိဇ္ဇာ သဝဖြစ်ပါတယ်။
ကိုယ်စုထားတဲ့ မြေကြီးစာ ဖြစ်သော သက်ရှိသက်မဲ့ စီးပွားရေး တွေကို စွဲလန်းသော ကာမာသဝ ဖြစ်ပါတယ်။ သေရင်သွားရမဲ့ဘဝဟာ မသေချာသောကြောင့် လက်ရှိဘဝကို စွဲလန်းတဲ့ ဘဝါသဝ ဖြစ်ပါတယ်။ အကြောင်းအကျိုး နဲ့ ပတ်သက်ပြီး နည်းလေးပါးကို မသိသောကြောင့် အထင် အစွဲမျိုးစုံ ဒိဋ္ဌာသဝလည်းဖြစ်ပါတယ်။
ဤအာသဝတရား (၄) ပါးလွှမ်းမိုးလာသော အခါ
သောက= စိုးရိမ်ခြင်း၊
ပရိဒေဝ= ငိုကြွေးခြင်း၊
ဒုက္ခ= ဆင်းရဲခြင်း၊
ဒေါမနဿ= စိတ်နှလုံး မသက်သာခြင်း၊
ဥပါယာသ= ပြင်းစွာ ပင်ပန်းခြင်းတွေ ဖြစ်ပါတယ်။
ဘဝရဲ့ အဓိပ္ပါယ်ကို မသိပဲ အဓိပ္ပါယ်ရှိသော ဘဝကိုမရကြသော သတ္တဝါတွေ ရဲ့ သံသရာ ဟာ ချမ်းသာ လုံးဝမပါဘဲ၊ သီးသီးသန့်သန့် ဒုက္ခ အစုသာလျှင် ဖြစ်ပါတယ်။ ဘဝ၏ အဓိပ္ပါယ်ဖြစ်သော တစ်စက္ကန့်တွင် ကုဋေ တစ်သိန်းစိတ် ပြီး တစ်စိတ်သော (ဖြစ်-တည်-ပျက်-သဘော ) ဘဝ အစစ်ထဲမှာ -စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ဆင်းရဲခြင်း၊စိတ်မသက်သာခြင်း၊ ပြင်းစွာ ပင်ပန်းခြင်းတွေပါနေသောကြောင့် ( ဘာမှ မဟုတ်ဘူး)ဟုအသိ ဥာဏ် ဝင်လိုက်လျှင် ၊ ပင်ပန်းဆင်းရဲမှုတွေအားလုံး ချုပ်ငြိမ်းပြီး ။ချမ်းသာခြင်းတွေ ဖြစ်လာပါလိမ့်မယ်။ အဓိပ္ပါယ်ရှိသော ဘဝကိုရလာပါလိမ့်မယ်ဘုရား။
ဓမ္မဓရ= ပဋိစ္စ သမုပ္ပါဒ် ကို နာကြားလိုက်တဲ့အတွက်ကြောင့် တန်ဘိုးဖြတ် မရသော ၊ အသိဥာဏ်ထူးတွေရလိုက်ပါတယ်။ ဝမ်းသာလို့မဆုံးဖြစ်မိပါတယ်။ကျေးဇူးဆပ်လို့လည်း ကျေနိုင်မှာ မဟုတ်ပါဘူး ဘုရား။
ဦးဝိဇယ= ဒီလောက်လေးဆွေးနွေးပေးတာနဲ့ အသိဥာဏ်တွေရအောင် ၊ ကြိုးစားအားထုတ်တဲ့ အရှင်ဘုရားကို တပည့်တော် အားရကျေနပ်ပါတယ်။ ပဋိစ္စသမုပ္ပါဒ်နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့အရာလေးတွေ ပြောပြပါအုံးမယ်ဘုရား။
ဝဋ် (၃)ပါး လည်ပတ်ပုံလေး နားထောင်ပါ ဘုရား။
(၁) အဝိဇ္ဇာ ၊ တဏှာ၊ ဥပါဒါန်= အဟုတ်ထင်ခြင်း၊ လိုချင်ခြင်း ၊ စွဲလန်းခြင်းကို ကိလေသာဝဋ် ခေါ်ပါတယ်။ နားလည်အောင်ပြောရရင် -(ဆာခြင်း)- ဖြစ်ပါတယ်။
(၂)ကမ္မဘဝ နှင့်သင်္ခါရ= ယခုဘဝ စွန့်ခြင်း၊ စွဲခြင်း နှင့် အတိတ်က စွန့်ခြင်း၊စွဲခြင်းကို ကမ္မဝဋ်ခေါ်ပါတယ်။ ( –(ရှာခြင်း)- လို့နားလည်ရပါမယ်။
(၃)ဝိဥာဏ်၊နာမ်ရုပ်၊သဠာယတန၊ဖဿ ၊ဝေဒနာ ၊ ဥပပတ္တိဘဝ။ဇာတိ၊ ဇရာ ၊ မရဏ=ဤ(၈) ပါးကို ဝိပါကဝဋ် ဟုခေါ်ပါတယ်။ (ရရှိ စောင့်ရှောက်၊ ပျက်စီးခြင်း) လို့ အတိုချုပ် မှတ်လို့ရပါတယ်။
ဆာခြင်းကြောင့် ရှာခြင်း ဖြစ်ရပါတယ်။ ရှာခြင်းကြောင့် ( ရရှိစောင့်ရှောက် ပျက်စီးခြင်း ဖြစ်ရပါတယ်။)ထပ်ပြီး ဆာခြင်း ဖြစ်ပြန်ပါတယ်။ ဆာခြင်းငြိမ်းရင် ရှာခြင်းငြိမ်းမယ်။ ရှာခြင်းငြိမ်းလျှင် ရရှိစောင့်ရှောက် ပျက်ဆီးခြင်း ၊ငြိမ်းပြီး သံသရာ ပြတ်ပါတယ်ဘုရား။
ဝဋ်မြစ် နှစ်ပါးဆိုသည်မှာ အဝိဇ္ဇာ နှင့်တဏှာ ဖြစ်ပါတယ်။ အဝိဇ္ဇာ အဟုတ်ထင်ခြင်းသည် သံသရာ စက် ရှေ့ အစွန်းကို ဖုံးလွှမ်းပါတယ်။
တဏှာ= လိုချင်ခြင်းသည် သံသရာစက် နောက်အစွန်းကို ဖုံးလွှမ်းပါတယ်။
အဝိဇ္ဇာ အဟုတ်ထင်ခြင်းကို ချုပ်ငြိမ်းအောင် ( ဘာမှ မဟုတ်ဘူး) လို့ ဥာဏ် ဝင်လိုက်လျှင် လိုချင်မှု တဏှာလည်း ငြိမ်းပြီးသား ဖြစ်ပါတယ်ဘုရား။
ဇရာ-မရဏကိုနယ်လေးပါး ဖြင့်ပိုင်းခြားသိပုံမှာ – ဇရာ – မရဏ ဟူသောစကားကို ကြားရသော အခါ – မသိခြင်းအထင်၊ ဆိုးခြင်း အထင်၊ ကောင်းခြင်း အထင်၊အထင်အားဖြင့် အထင်အမျိုး မျိုးစိတ်မှာပေါ်တတ်ပါတယ်။ ထိုအထင်နယ်သည် ( အဝိဇ္ဇာမာန ပညတ်နယ်) ဖြစ်ပါတယ်။
ဤ အထင်နယ်မှာပင် လှည့်ပတ်ကာ ဆင်းရဲမျိုးစုံ ကြုံနေကြရပါတယ်။ အထင်ကတော့ စိတ်အလုပ် ဖြစ်သောကြောင့် ပယ်ရမှာမဟုတ်ပါဘူး။ အဟုတ်ထင်ခြင်း အဝိဇ္ဇာ ကိုသာလျှင် ပယ်ရမှာဖြစ်ပါတယ်။
စိတ်ဖြစ်စဉ်၊ရုပ်ဖြစ်စဉ်များကို စိတ်စဉ်ကိုတစ်စက္ကန့်တွင် ကုဋေတစ်သိန်းစိတ်၊ တစ်စိတ်ယူ၊ရုပ်ဖြစ်စဉ်ကို စက္ကန့်တွင် ကုဋေငါးထောင်စိတ်၊တစ်စိတ်ယူ၊ တစ်ထိုအစိတ်လေးတစ်ခုမှာ ဥပါဒ်ဌီဘင်= ဖြစ်တည်ပျက် ဟု ခဏလေးသုံးခုရှိပါတယ်။
ဥပါဒ်= ဖြစ်ခြင်းသဘော တစ်ခုကို ဇာတိလို့ခေါ်ပါတယ်။ ဋ္ဌီ= တည်ခြင်းသဘောတစ်ခုကို ဇရာလို့ခေါ်ပါတယ်။ ဘင်=ပျက်ခြင်းသဘောတစ်ခုကို မရဏ ဟု ခေါ်ပါတယ်။
ထိုဋ္ဌီ-ဇရာ နှင့် ဘင်- မရဏသည် ဥပါဒ် ဇာတိမပါဘဲ ဖြစ်မရသောကြောင့် ကိုယ်ပိုင် အနှစ်မရှိသော သဘောသာ ထင်ရှားနေပါတယ်။ အားလုံး မူလပျက် သဘောမှာ လမ်းဆုံး သွားပါတယ်။ မူလပျက်သဘောသာ (၃၁-ဘုံ)လောက ကိုလွှမ်း ခြုံသွားပါတယ်။ ထိုအရှိအတိုင်း အသိကို ဝိဇ္ဇာဉာဏ်လို့ခေါ်ပါတယ်ဘုရား။
ဘဝရဲ့ အဓိပ္ပါယ်ကို တိတိကျကျ မသိအောင် အဝိဇ္ဇာ ကဖုံးလွှမ်းသော အခါ ဘဝကို အဓိပ္ပါယ်ရှိရှိ မနေနိုင်ကြပါဘူး။
အိုခြင်း သေခြင်း ၏ အဆုံးကို မမြင်နိုင်သော ကြောင့် အဝိဇ္ဇာမာန ပညတ်နယ်က အိုခြင်း၊ သေခြင်း အထင်ပင် အဟုတ်ထင်သော အဝိဇ္ဇာသဝ ဖြစ်ပါတယ်။
ကိုယ်စုထားတဲ့မြေကြီးစာ ဖြစ်သော သက်ရှိ သက်မဲ့စိးပွားရေးတွေကို စွဲလန်းသော ကာမာသဝဖြစ်ပါတယ်။
သေရင်သွားရမဲ့ဘဝဟာ မသေချာသောကြောင့် လက်ရှိဘဝကို စွဲလန်းတဲ့ ဘဝါသဝ လည်းဖြစ်ပြန်ပါတယ်။
အကြောင်းအကျိုး နဲ့ ပတ်သက်ပြီး နည်း လေးပါးကိုမသိသောကြောင့် အထင်အစွဲ မျိုးစုံ၊ ဒိဋ္ဌာသဝ လည်း ဖြစ်ပါတယ်။ ဤ အာသဝ လေးပါးလွှမ်းမိုးလာသော အခါ
သောက=စိုးရိမ်ခြင်း၊
ပရိဒေဝ = ငိုကြွေးခြင်း ၊
ဒုက္ခ= ဆင်းရဲခြင်း၊
ဒေါမနဿ= စိတ်နှလုံးမသက်သာခြင်း ၊
ဥပါယာသ= ပြင်းစွာ ပင်ပန်းခြင်းတွေ ဖြစ်ပါတယ်။
ဘဝ၏ အဓိပ္ပါယ်ကိုမသိပဲ အဓိပ္ပါယ်ရှိသော ဘဝကို မရ ကြ သော သတ္တဝါတွေ ရဲ့ သံသရာဟာ ချမ်းသာလုံးဝမပါပဲ၊ သီးသီးသန့်သန့် ဒုက္ခ အစုသာလျှင် ဖြစ်ပါတယ်။
ဘဝ၏ အဓိပ္ပါယ်ဖြစ်သော တစ်စက္ကန့်တွင် ကုဋေ တစ်သိန်းစိတ်ပြီး တစ်စိတ်သော ဖြစ်တည်ပျက်သဘော၊ ဘဝ အစစ်ထဲမှာ – စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ဆင်းရဲခြင်း ၊ စိတ်မသက်သာ ခြင်း၊ ပြင်းစွာ ပင်ပန်းခြင်းတွေပါ နေသောကြောင့် (ဘာမှ မဟုတ်ဘူး) ဟု အသိဉာဏ် ဝင်လိုက်လျှင် ပင်ပန်ဆင်းရဲမှုတွေအားလုံးချုပ်ငြိမ်းပြီး ချမ်းသာ ခြင်းတွေ ဖြစ်လာပါလိမ့်မယ် ၊
အဓိပ္ပါယ်ရှိ သောဘဝရလာပါလိမ့်မယ်ဘုရား။
ဓမ္မဓရ === တရားနာရတာကတော့ ကြေးဖလားကြီး ပွတ်ရင် ၊ ပွတ်လေ ဝင်းလေ ဖြစ်သလို ၊ အထင် အမျိုး မျိုး နှင့် ညစ်ပေနေသော စိတ်ကို တရား အမြင်ဖြင့်ပွတ်လိုက်သော အခါ စိတ်တွေဟာ ပိုပိုပြီး ကြည်လင်အေးချမ်းလာပါတယ်။
တပည့်တော် နှစ်ပေါင်းများစွာ ရှာခဲ့သော ဘဝ ရဲ. အဓိပ္ပါယ်ကို လည်းကောင်း ၊ အဓိပ္ပါယ် ရှိသော ဘဝ ဖြစ်ဘို့ ပုံစံ အမျိုးမျိုး ချပြီး ပြုလုပ်ခဲ့တာတွေ ကို လည်းကောင်း၊ ဤ တစ်ထိုင် တရားနာလိုက်တာ နဲ့ ဘဲ နှစ်ခုလုံး ပြည့်စုံသွားသလို ခံစားရပါတယ်။ သုည ဖြစ်နေသော ဘဝ ကို သုည အတိုင်းသိပြီး အေးအေးဆေးဆေး နေနိုင်ခြင်း သည် ဘဝရဲ. အဓိပ္ပါယ် ဖြစ်သ လို အဓိပ္ပါယ် ရှိသော ဘဝ လည်း ဖြစ်လာပါတယ်ဘုရား။ ဆက်ပြီး ဟော ကြားတော်မူ ပါ ဘုရား။
ဦးဝိဇယ=== ဇာတိရဲ. အဓိပ္ပါယ် ကို ဆက်ပြောပြပါ့မယ်။ ဇာတိဟူသော စကားကိုကြား သိ သော အခါ ( မသိခြင်း ) အထင် ၊ ( ဆိုးခြင်း ) အထင် ၊ (ကောင်းခြင်း) အထင်များ စိတ်မှာ ပေါ်နေတတ်ပါတယ်။ ဤ အထင်နယ်ကို အဝိဇ္ဇမာနပညတ်နယ် -လို့ခေါ်ပါတယ်။ ဤ နယ်ဟာ အလွန်ကျယ်ဝန်းပါတယ်။ မြေကြီးကိုလက် ညှိုး ညွှန်ရာလောက် ကိုပင် မသိဘဲ ၊ မြေကြီး အားလုံး ကို သိရသကဲ့သို့ ၊ ထို့အတူ ၊ အထင် ( ၃) မျိုး ကို ညွှန်လိုက်သော်လည်း စကားလုံးတိုင်းမှာ ရှိတဲ့ အထင်အားလုံး ကို သဘောပေါက်ရမှာ ဖြစ်ပါတယ်။ အထင်တွေ ဘယ် လောက်များတယ်ဆိုတာ ၊ အချိန်ရှိတိုင်း ၊ အထင်တွေနဲ့ နေတာကိုသဘောပေါက် ပါ ဘုရား။
ထို အထင်တွေကို အဟုတ်ထင်ပြီး ခန္ဓာ မျိုးစုံ ရကာ ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ ရပါတယ်။ အထင်တွေကို အဟုတ်ထင်သော အဝိဇ္ဇာ ကိုပယ် နိုင်တဲ့ ဘဝရောက်ခိုက် မပယ် ထား ရင် သံသရာ ကြီးဟာ အလွန်ရှည် ဦးမယ် ဆိုတာလည်းသဘောပေါက်ပါဘုရား။
ဘဝ တစ်ခု ရဲ. နောက်ဆုံးစိတ်ကို စုတိစိတ်လို့ခေါ်ပါတယ်။ တဖန် ဘဝ သစ်မှာ ၊ အစဆုံး ဖြစ်သော စိတ်ကို ပဋိသန္ဓေစိတ် ဟုခေါ်ပါတယ်။ စုတိစိတ်ထိဖြစ်စဉ်ကို ( ဘဝ ) လို့ခေါ်ပါ တယ်။ ဘဝသစ်၏ အစဆုံး စိတ်ဖြစ်သော၊ ပဋိသန္ဓေစိတ်ကို ဇာတိလို့ခေါ်ပါတယ်။ စိတ်အစဉ် တစ်ခုကို ကုဋေ တစ်သိန်းစိတ်လိုက်လျှင် ၊ ထို အစိတ်ထဲမှ အစိတ်တစ်ခု ဖြစ်ပျက်သဘောလေးဟာ ( ဇာတိ ) အစစ်ဖြစ်ပါတယ်။
ထိုဇာတိ၏ နောက်ဖြစ်သော ဘဝင် အစဉ်တွေကတော့ ဝိပါတ်အစဉ်သာ ဖြစ်ပါတယ်။ ကျန်တာတွေကတော့ ထိုဘဝ ၏ စုတိအထိ ၊ ( ဘဝ ) ဖြစ်ပါတယ်။ ဘဝ နှင့်ဇာတိ ထူးခြားမှုကိုပြောတာပါဘုရား။
ဘဝပစ္စယာ ဇာတိအရ ၊ ဘဝကြောင့် ဇာတိဖြစ်တယ်၊ ဘဝ မရှိဘဲ ဇာတိမရှိနိုင်ဘူး။ ဘဝ အဆုံး ကို ကြည့်ပြီးသေရင် ဘဝချုပ်လို့ ၊ ဇာတိလည်းချုပ်ပြီး ပရိနိဗ္ဗာန် ပြုကြမှာ ဖြစ်ပါတယ်။ဇာတိသည် ကိုယ် ပိုင် အနှစ်အသားလုံးဝ မရှိပါဘူး၊ မူလပျက်သဘောသာ ဖြစ်ပါတယ်။ သုည နယ် လို့ခေါ်ပါတယ်။ ဇာတိ၏ သုညနယ်ကို သိလျှင် ၊ ဇာတိဟူသောစကားကို မှီပြီး ဖြစ်သော အထင်အားလုံး ငြိမ်းသွားပါတယ်ဘုရား။
*********************************ံ
ဘဝ ဟူသောစကားကို ကြားသိရသောအခါ၊ ( မသိခြင်း) အထင်၊ (ကောင်းခြင်း) အထင်အား ဖြင့်၊ စိတ် မှာ အထင်မျိုးစုံပေါ်နိုင်ပါတယ်။
ဤ အထင်နယ်မှာ အဝိဇ္ဇာမာန ပညတ်နယ်ဟုခေါ်ပါတယ်။ ဤ အထင်မှာ ဘဝရဲ့ အဓိပ္ပါယ်ကို လိုက်ရှာ နေကြပါတယ်။ အထင်သာဖြစ်၍ အမှန်မရှိသောကြောင့် ဘဝရဲ့ အဓိပ္ပါယ်ကို လိုက်မရှာနိုင်ပါဘူး။ ဤ အထင်မှာ ကိုယ်ထင်ရာကိုယ် ဟုတ်ပြီး ၊ ဆရာကြီးတွေ လုပ်ခါ ၊ လမ်းညွှန် နေကြတယ်။
ကိုယ်တိုင်လည်း ကိုယ်ထင်ရာကိုသာ ကိုယ်လုပ်ပြီး ပြောဆို ကျင့်သုံး နေကြတယ်။ (ငါ့အထင်သာ မှန်တယ်၊ အခြားဟာတွေ အမှား၊) ဟု အဟုတ်ထင်ကာ အဝိဇ္ဇာ၏ ကျွန်စစ်စစ် ဖြစ်နေကြသူတွေ များ ပါတယ်။ သတိထားကြပါ။
ဘဝနှင့်ပတ်သက်ပြီး စိတ်အထင်မှန်သမျှ ဟာ ( မရှိဘူး။ ရှိတယ်) ပုံပြင်လိုပါပဲ။ ( ဘာမှ မဟုတ်ဘူး ) ဟုသိလျှင် ဝိဇ္ဇာဉာဏ် ဖြစ်ပါတယ်။
မရှိဘူးရှိတယ် ပုံပြင်-ရှေး အခါက ဘုန်းကြီးတစ်ပါး မှာ၊ အလွန်ဆင်းရဲတဲ့ ကပ္ပိယ တစ်ယောက်ရှိသတဲ့၊ ထို ကပ္ပိယကို ဘုန်းကြီး က စလိုတာနဲ့ ၊ ( ကပ္ပိယ -ရွှေရှိလားလို့မေး လိုက်သတဲ့။ ထို အခါ ကပ္ပိယက ( မရှိဘူး၊ ရှိတယ် ဘုန်းကြီး ) လို့ဖြေလိုက်သတဲ့ ၊ ဘုန်း ကြီးက ပြော တယ်။
ကပ္ပိယ ( ရှိရင် ရှိတယ် ၊မရှိရင် မရှိဘူး) ဟု မှန်မှန် ပြောပါဆိုပါတော့ ကပ္ပိယက ပြောပါတယ်။ (တပည့်တော် ဘဝမှာ ရွှေတစ်ခါမှ မရှိခဲ့ပါဘူးဘုရား။ ရွှေ မရှိသော အနေအတထားနဲ့ အခါ ခပ်သိမ်းရှိနေပါတယ်။) ဟုဖြေပါသတဲ့ ။
ထို့အတူ အထင်တွေဟာလည်း အမှန်အားဖြင့်တော့ လုံးဝမရှိပါဘူးတဲ့။ ထင်ရုံသာ ထင်ပြီး ပြောဆိုလို့ ရလောက်ရုံသာ ရှိပါတယ်။ ဘဝနဲ့ ပတ်သက် တဲ့အထင် တွေကိုလည်း ၊ ထင်ရုံသာ ထင်ပါ။ အဟုတ်မထင်လိုက်ပါနဲ့။ အောက်ဆင်း သွားနိုင်ပါတယ်။
ဘဝ၏ အဓိပ္ပါယ်မှာ -ဖြစ်ခြင်းပင် ဖြစ်ပါတယ်။ ထိုဖြစ်ခြင်း ဘဝကို စွန့်ခြင်း၊ စွဲခြင်းအကြောင်းတရားများ ဖြစ်ခြင်းကို ( ကမ္မဘဝ ) ဟုနာမည်တပ်ပါတယ်။ ချမ်းသာခြင်း၊ ဆင်းရဲခြင်း ၊ အကျိုးတရားများ ဖြစ်ခြင်းကို ( ဥပပတ္တိဘဝ) ဟုနာမည်တပ်ပါတယ်။
အကြောင်းဖြစ်ခြင်း၊ အကျိုး ဖြစ်ခြင်း တစ်စုံကို (ဘဝ) လို့နာမည်တပ်ပါတယ်။ ဘဝဟူသည် အကြောင်းအကျိုးတရားများဖြစ်ခြင်း အစဉ်ကို ( ဘဝ )လို့ မှတ်သားလို့ရပါတယ်။
ယခု လက်ရှိခန္ဓာ ဟာ အကြောင်းအကျိုးတရားတွေ အစဉ်ဖြစ်နေခြင်း ဖြစ်ပါတယ်။ ထို့ကြောင့်ဘဝလို့ခေါ်လို့ ရပါတယ်။ ဘဝ ဟူသော ပါဠိ ၏ အဓိပ္ပါယ်ကို ( ဖြစ်စဉ် ) ဟုသာ မှတ်သားပါ။ ထိုဖြစ်စဉ် သည် ဝိဇ္ဇာမာနပညတ်နယ်-ဖြစ်ပါတယ်။ ( အစဉ်နယ် )လို့လည်းခေါ်နိုင်ပါတယ်။ ဤ ဖြစ်စဉ် ကို အဟုတ်ထင်လျှင် အဝိဇ္ဇာ ဖြစ်ပြန်ပါတယ်။
ဘဝ ဖြစ်စဉ်သည် တစ်နှစ်၊ တစ်လ ၊ တစ်ရက် ၊ တစ်နာရီ၊ တစ်မိနစ် ၊ တပြိုင်နက် ရလာသည် လုံးဝ မဟုတ်ပါဘူး။
တစ်စက္ကန့် ရုပ်ဖြစ်စဉ် ကို ကုဋေ ငါးထောင် ၊ စိတ်ဖြစ်စဉ်ကို ကုဋေ တစ်သိန်း ၊ စိတ်ပြီး ထို အစိတ်ကလေး တစ်ခုသည်ပင် ဘဝ အစစ် ဖြစ်ပါတယ်။
ဖြစ်ပျက်သဘောလေးတစ်ခုဟာ ဘဝ အစစ် ဖြစ်ကြောင်း နားလည်လိုက်ရင် ၊ အထင်နယ် နှင့် အစဉ် နယ်မှာ ၊ အဟုတ်ထင်ထားတာတွေ ကင်းပျောက်ပြီး သဘောနယ်သို့ အသိဉာဏ်ဟာ သက်ဝင်လာပါတယ်။ ဉာဏ် အစဉ် တတ်ခြင်း ပါပဲ။
ဘဝ အစစ် ဖြစ်ပျက်သဘောလေး တစ်ခုကိုပင် ( ဒီ ဖြစ်ပျက်သဘောလောက်တော့ အနှစ်သာရရှိသေးတယ် ) ဟု အဟုတ်ထင်ခြင်း သည် အဝိဇ္ဇာ ဖြစ်ပြန်ပါတယ်။
ဥပါဒါနပစ္စယာ ဘဝေါ – အရ ဥပါဒါန် အကြောင်းမရှိဘဲ ဘဝ ဖြစ်လို့မရဘူး။ ဘဝမှာ ကိုယ်ပိုင် အနှစ်တစ်ခုမှ မရှိဘူး။ ကိုယ်ပိုင်အနှစ်မှ ကုန်ပျက်နေပါတယ်။ ဤ မူလပျက်သဘောကိုသိလျှင် ၊ ဘဝ နှင့်ပတ်သက်ပြီး သိစရာဆုံးသွားပါတယ်။ ဘဝဆုံးရာ နိဗ္ဗာန် ပင်ဖြစ်ပါတယ်။
ဘဝ ရဲ. ချုပ်ငြိမ်းမှုကို အာရုံပြု နိုင်လေလေ၊ အေးနေငြိမ်းလေ ဖြစ်ပါတယ်။ ဘဝ နဲ့ ပတ်သက်ပြီး အထင်အားလုံး ချုပ်ငြိမ်း ခြင်း ပင် ဖြစ်ပါတယ် ဘုရား။
**************************
ဥပါဒါန် ဟူသော စကားကို ကြားသိရလျှင်၊ ( မသိခြင်း) အထင်၊ (ဆိုးခြင်း) အထင်၊ ( ကောင်းခြင်း) အထင်များ၊ စိတ်မှာ တစ်ခုခု ထင်လာတတ်ပါတယ်။ ထို အထင်နယ်ကို၊အဝိဇ္ဇာမာနပညတ်နယ် ဟုခေါ်ပါတယ်။ ကိုယ့်စိတ်မှာထင်ရာကို ၊ အဟုတ်ထင် ခြင်း သည်၊ ဗဟုသုတ မရှိသောအန္ဓဗာလ ၊ ပုထုဇဉ် အဖွဲ့ ဝင်သာ ဖြစ်ပါတယ်။ အဟုတ်ထင်ခြင်းသည် အဝိဇ္ဇာ ၏ ကျွန်သာ ဖြစ်ပါတယ်။
အထင်ဟူသမျှသည်၊ ( အမြုံမကမွေးသောသား ဆိုသကဲ့သို့၊ ပြောရုံသာ ရမည်၊ အမှန်မရှိ။)ဟု အမှန်သိမြင်လျှင်၊ အဝိဇ္ဇာ ၏သားကောင်ဘဝမှ ၊ တစ်ဆင့်လွတ်မြောက်သွားပါပြီ၊
လိုချင်၊ရချင်၊ ဖြစ်ချင်မှုများ ၊ဖြင့်စွဲလန်းခြင်းအစဉ် ကို ( ဥပါဒါန်) ဟု ခေါ်ပါတယ်။ စွဲလန်းခြင်း၊ လွှမ်းမိုးခံရသော ၊ စိတ်သည် အမြဲတမ်း ငတ်နေတတ်ပါတယ်။ မပြည့်စုံသော ဒုက္ခ နှင့် အမြဲတွေ့နေရတယ်။
ဤ လက္ခဏာ အမှတ်အသား များကိုဥပါဒါန်လို့ အမည်တပ်ကာ သုံးစွဲကြပါတယ်။ အကောင်း အဆိုး မရှိပါဘူး။ စွဲလန်းခြင်း အစဉ်သာ ရှိပါတယ်။ဤ အစဉ်နယ် ကို ( ဝိဇ္ဇမာနပညတ်နယ်) ဟုခေါ်ပါတယ်။
ဤအဝိဇ္ဇမာနပညတ်နယ်ကို (ဒါပဲဟုတ်တယ်၊ကျန်တာမဟုတ်ဘူး) ဟု အဟုတ်ထင်ခြင်းသည်၊ ထိုနယ်ကိုဖုံးလွှမ်းသော အဝိဇ္ဇာ ဖြစ်ပါတယ်။ သဘောနယ် မရောက်သေးသရွေ့ အထင်နယ်က လွတ်မှာ မဟုတ်ပါဘူး။
ဤစွဲလမ်းခြင်း ဥပါဒါန် အစဉ်ကို တစ်စက္ကန့်တွင် ကုဋေ တစ်သိန်း အပုံ ၊ပုံလိုက်ပါ။ ထို အပုံထဲမှ တစ်ပုံသော၊ စွဲလန်းပြီး ပျက်ခြင်းသဘောသည် ဥပါဒါန် တရား၏ အသက်အစစ်ဖြစ်ပါတယ်။ ဤ ဥပါဒါန်၏ အသက် အစစ်ဖြစ်သော ၊ သိစရာကို သဘောနယ်ဟုခေါ်ပါတယ်။
သဘောအထိ အသိရောက်သော အခါ၊ အစဉ် အထင်မှာ အဟုတ်ထင်ခြင်း၊ အဝိဇ္ဇာ ပျောက်သွားပါတယ်။
ဒါပေမဲ့ သဘောနယ်၏ ဖြစ်ပျက်သဘောကို ၊ ( ဒီလောက်တော့သူစွမ်းသေးတယ်)ဟု အဟုတ်ထင်သော၊ အဝိဇ္ဇာ ကဖုံးလွှမ်းပြန်ပါတယ်- ဘုရား။
( တဏှာ ပစ္စယာ ၊ ဥပါဒါနာ ) ဟုလာသောကြောင့် ၊ တဏှာ အကြောင်း မပါပဲ၊ ဥပါဒါန်၊ ဖြစ်လို့မရပါဘူး။ ဥပါဒါန်မှာ ကိုယ်ပိုင် အနှစ်မူလက ပျက်နေတဲ့သဘောပဲရှိပါတယ်။ ဤ မူလပျက်သဘောကို ( သုည နယ် ) ဟုခေါ်ပါတယ်။
အထင်နယ် နှင့် အစဉ်နယ်က ဥပါဒါန်သည် ထင်ရုံသာဖြစ်သောကြောင့် ဘာမှ မဟုတ်ပါဘူး။ သဘောနယ် နှင့်သုည နယ်က ဥပါဒါန်သည်၊ အကောင်အထည် မရှိပဲ၊ သဘောမျှဖြစ်သော ကြောင့် ဘာမှ မဟုတ်ပါဘူး။ ဥပါဒါန်သည် ဘာမှ မဟုတ်ခြင်းမှာသာ လမ်းဆုံးသွား ပါတယ် ဘုရား။
တဏှာ-ဟူသောစကား ကိုကြားသိ သောအခါ၊ ( မသိခြင်း) အထင်။ (ကောင်းခြင်း)အထင်၊ (ဆိုးခြင်း) အထင် ဟူသော ၊ အထင် အားလုံးသည် ၊ အဝိဇ္ဇာမာန ပညတ်နယ်ဟု ခေါ်ပါတယ်။ ကိုယ်ထင်ရာကို (ဒါပဲဟုတ်တယ်-ကျန်တာတွေမဟုတ်ဘူး) ဟု အဟုတ်ထင်ခြင်းသည် ၊ အဝိဇ္ဇာ ဟုခေါ်ပါတယ်။ ( အထင်တွေဟာ ၊ အရှိတွေ မဟုတ်ဘူး) ဟု ဘာ မှ မဟုတ်မှန်း သိခြင်း သည်၊ (ဝိဇ္ဇာဉာဏ်) ဟုခေါ်ပါတယ်။
တဏှာ = ဟူသောစကားမှာ၊အကောင်း အဆိုး မရှိပါ။ ကောင်းတယ် ၊ဆိုးတယ်ဟု သတ်မှတ် ခြင်း သည်၊ အထင်အကြောင်းကို အမှန်မသိသောကြောင့်ဖြစ်ပါတယ်။ စကားလုံး တိုင်းကို ၊ဤကဲ့သို့နားလည်ပါ။ အကောင်းအဆိုးထဲ ဝင်ပြီး ၊ အဟုတ်ထင်နေသမျှ ၊အဝိဇ္ဇာမာန ပညတ်နယ်က လုံးဝ မတက်နိုင်ပါဘူး။
တဏှာ ၏ အဓိပ္ပါယ်မှာ ၊ အဟုတ်ထင်ခြင်း ကို အမှီပြုပြီး ၊ ကျေနပ်ခြင်း အစဉ်ကို၊ (တဏှာ) ဟုခေါ်ပါတယ်။ ဤကျေနပ်ခြင်း အစဉ်ကို ၊ (ဝိဇ္ဇာမာန ပညတ်နယ်) ဟုခေါ်ပါတယ်။ ဤ အစဉ်လေးကို အဟုတ်ထင်လျှင် အဝိဇ္ဇာ ဖြစ်ပြီး ၊ ( ဘာမှ မဟုတ်ဘူး) ဟုသိခြင်း သည် ဝိဇ္ဇာ ဉာဏ်ဖြစ်ပါတယ်။
ကျေနပ်ပြီး ပျက်တဲ့သဘောလေးတွေ၊ အစိတ်ပေါင်း ကုဋေ တစ်သိန်းစုလိုက်မှ ၊တစ်စက္ကန့်သော ကျေနပ်ခြင်း၊ လောဘ ဖြစ်လာရပါတယ်။ တစ်ခုသော ဖြစ်ပျက်သဘောလေးဟာ၊လောဘ ၏ ဘဝ အစဖြစ်ပါတယ်။
လောဘနဲ့ ပတ်သက်ပြီး၊ ကိုယ်ထင်တာတွေဟာ ဘာမှ မဟုတ်ဘူး၊ အထင်တွေသာ ဖြစ်ပါ တယ်။ ဖြစ်ပျက်သဘောလောက်တော့ စွမ်းအားရှိသေးတယ်၊ ထင်နေရင်၊ တဏှာ နဲ့ ပတ်သက် ပြီး သိစရာမဆုံးသေးသောကြောင့် ၊ အနတ္တနယ်၊ သုညနယ်၊ မဆိုက်သေးပါဘူး။ အတ္တနယ်သာရှိပါသေးတယ်။ အဟုတ်ထင်ခြင်း အဝိဇ္ဇာ နယ်က မလွတ်သေးပါဘူး။
( ဝေဒနာ ပစ္စယာ – တဏှာ ) ဟူသည် နှင့် အညီ၊ တဏှာ သည် ဝေဒနာ မပါပဲ လုံးဝ ဖြစ်လို့ မရ၊ ဖြစ်နိုင်သော ကိုယ်ပိုင်စွမ်းအားလည်း လုံးဝ မရှိ။ ကာလ ( ၃) ပါး မှ ၊ တစ်ခုတည်းဖြစ်နိုင် တဲ့ အား မှ၊ ကုန်ပျက်နေသောကြောင့်၊ မူလပျက်သဘောသာရှိပါတော့ တယ်။ တဏှာ နဲ့ ပတ်သက်ပြီးသိစရာဆုံးသွားသောကြောင့် —–
အနတ္တ နယ်ရောက်သွားတယ်။ ထို အနတ္တနယ်ကိုပင် ၊ သုည နယ် ဟု နာမည်တပ်ထားပါ တယ်။ တဏှာ ကို ရန်သူလိုထင်ပြီး ၊ပယ်ချင်နေရင် လုံးဝ မရကြောင်း ကိုနားလည်သဘော ပေါက် လောက်ပါပြီ။
ဓမ္မဓရ=== တပည့်တော် နည်း (၄)ပါးကိုတော့ သဘောပေါက်ပါပြီ ဘုရား။အကြောင်း အကျိုးမှန်လျှင် ဤ နည်း (၄)ပါးထဲထည့်ပြီး စဉ်းစားလိုက် ရုံပါဘဲ။ဤ နည်း(၄)ပါး မှာလည်း ပထမနည်း ၊ အဗျာပါရ အနတ္တ နည်း သာကျင့်ရမှာ ဖြစ်ပါတယ်။ ကျန်တဲ့(၃)နည်းက နားလည် သဘောပေါက်အောင် လေ့လာဘို့ပါပဲဘုရား။ နယ် (၄)ပါးကိုတော့ဟောကြား တော်မူပါအုံး ဘုရား။ နာကြားရလေ တရားတက်လေပါပဲဘုရား။
ဦးဝိဇယ===ဝေဒနာ ကို နယ်(၄)ပါးနှင့်ပိုင်းခြား ပုံကို နာကြားကြည့်ပါဘုရား။ ဝေဒနာ ဟူသော စကားကိုကြားသိရသော အခါ (မသိခြင်း) အထင် ၊(ဆိုးခြင်း) အထင်၊ (ကောင်းခြင်း) အထင်အားဖြင့် (၃)မျိုး စိတ်ထဲမှာထင်တတ်ပါတယ်။ ထို အထင် အထည် သည် အဝိဇ္ဇမာနပညတ်နယ် ဖြစ်ပါတယ်။ ဤအဝိဇ္ဇမာနပညတ်နယ် ကို အဟုတ်ထင်ခြင်း သည် အဝိဇ္ဇာ ပင်ဖြစ်ပါတယ်။
ယခုခေတ်မှာ အဟုတ်ထင်ခြင်း အဝိဇ္ဇာ ခိုင်းလို့ လုပ်ရတဲ့ တရားသမားတွေ တော်တော်များ ပါတယ်။
ဝေဒနာ ရဲ. အဓိပ္ပါယ်မှာ *ခံစားခြင်း* ဖြစ်ပါတယ်။ စေတသိတ်ဖြစ်သောကြောင့် စိတ်မှာသာ မှီပြီး ဖြစ်ပါတယ်။ ဝေဒနာ ကို ရှုလိုလျှင် စိတ်ဘက်ကိုသာ ရှုရမှာ ဖြစ်ပါတယ်။
ထိုအကြောင်း ကို မသိခြင်း ကြောင့် ဝေဒနာ ဆိုလျှင် အဆိုး အထင်ကြီး ခိုင်းသလို လုပ်ကြရ ပါတယ်။
စိတ်မှာ ဖြစ်တဲ့ဝေဒနာကို ရုပ်မှာဖြစ်တယ် ထင်ကြပါတယ်။ ရုပ်တရား၏ နာတယ်လို့ ပြောရ လောက်အောင် ဖောက်ပြန်ခြင်း၊ ပူတယ်လို့ပြောရလောက်အောင် ဖောက်ပြန်ခြင်း၊ စသော ရုပ်တရား၏ ဖောက်ပြန်ခြင်း များကို နာမည် လွဲတပ်ခါ ရှုကြ ပါတယ်။ ဖောက်ပြန်ခြင်း ရုပ်သ ဘော ကို – ဝေဒနာ – ဟု နာမည်လွဲ တပ် သော အခါ တွေ့တာက ဖောက်ပြန်ခြင်း၊ သိနေ တာ က ဝေဒနာ ဆိုတော့ ရှုပုံ လွဲမှား နေပါတယ်။
ဝေဒနာကျော်အောင်ရှုကြတယ်လို့လည်း ဆိုကြတယ်။ သုခ၊ဒုက္ခ ၊ဥပေက္ခာ ဟု ဝေဒနာ (၃)မျိုး ရှိခြင်းကြောင့် ဝေဒနာကို ဘယ်လို့မှ ကျော်လို့မရပါဘူး။ သုခ မှရှိရင် ဒုက္ခ၊ဒုက္ခ မရှိရင် သုခ ရှိစမြဲ ၊ သုခ ၊ ဒုက္ခ မရှိရင် ဥပေက္ခာ တစ်ခုခုတော့ရှိနေမြဲ ဖြစ်ပါတယ်။
ရုပ်တရား၏ ရောဂါ အနာပျောက်ခြင်း ၊မပျောက်ခြင်း ကို ဝေဒနာ ဖြစ်မဖြစ်ပြောကြတယ်။ ဒါမျိုး ကဆေးသမားတွေသုံးတဲ့ ဝေဒနာဖြစ်တယ်။ ဆေးသမားတွေ သုံးတဲ့ဝေဒနာ ကို တရားအားထုတ်တဲ့ယောဂီ ကသုံးလို့မရပါဘူး။
အဟုတ်ထင်ခြင်း အဝိဇ္ဇာ ခိုင်းသမျှ ထင်သလိုလုပ်တာပဲ ရှိနေလိမ့်မယ်။
ဝေဒနာ ၏ တရားကိုယ်ထဲမှာ စိတ်အစဥင်္ မှာ မှီပြီးဖြစ်သော ခံစားခြင်း အစဉ်သာလျှင် ဝေ.နာလို့ခေါ်ပါတယ်။ စိတ်မှာ မှီ ပြီးဖြစ်သော ခံစားမှု အစဉ် သဘောပေါက်လျှင် မသိလို့ထင်သလိုလုပ်ခြင်း ၊ဆိုးအောင်ကြာကြာခထိုင်ပြီး ထင်သလိုလုပ်ခြင်း ကောင်းအောင်ဖန်တီးပြီးထင်သလို လုပ်ခြင်း များမှ ကင်းလွတ် နိုင်ပါတယ်။
ဝေဒနာကို အထင်မှား နေသမျှ ချုပ်အောင် ငြိမ်းအောင် လုံးဝ လုပ်လို့ မရနိုင်ပါဘူး ။ ( ချုပ် ငြိမ်းတယ် ) လို့ ထင်လျှင်လည်း အဝိဇ္ဇမာန ပညတ်နယ် က အထင်တွေသာ ဖြစ်ပါတယ်။ အဟုတ်ထင်ရင်တော့အဝိဇ္ဇာပါပဲ။
သုခ အစဉ်၊ ဒုက္ခ အစဉ် ၊ဥပေက္ခာ အစဉ် သန္တန် တစ်ခုခု သည် ( အဝိဇ္ဇာမာန ပညတ်နယ် )ဖြစ်ပါတယ်။ အစဉ် နယ်ကိုရောက်လျှင် အထင်နယ်က အတွေးတွေ ၊ အထင်တွေ၊ ခံစားမှုတွေဟာ ထင်ရုံသာ ဖြစ်သောကြောင့် ဆုပ်ကိုင်ပြစရာ မရှိ၊ ဘာမှ မဟုတ်ဘူးဟု အသိဉာဏ်တိုးတက်လာပါတယ်။ ဤ အသိဉာဏ် သည် ဝိဇ္ဇာဉာဏ် ဟုခေါ်ပါတယ်။
အစဉ်နယ် ဖြစ်သော ဝိဇ္ဇမာနပညတ်နယ် ကို ( ဒါပဲရှိတယ် ၊ ကျန်တာမရှိဘူး) ဟုဘောင်ခတ် ဆုပ်ကိုင်ထားခြင်း ၊ ကို အဝိဇ္ဇာ ဟုခေါ်ပါတယ်။
အစဉ်နယ် မှာ အဟုတ်ထင်ခြင်း အဝိဇ္ဇာအားကောင်းလေ၊ ငြိကပ်ခြင်းတဏှာ ဖြစ်လေ၊ အမှန်တရားနှင့်ဝေးလေ၊ အခွာရခက်လေ၊ ဆရာကြီးလုပ်ချင်လေဖြစ်တတ်ပါတယ်။
ထိုအစဉ်ကို (တစ်စက္ကန့်လျှင် ကုဋေတစ်သိန်းစိတ်ပြီး တစ်ခုသော ခံစားပြီး ပျက်သဘောလေးသည် ဝေဒနာ၏ အသက် အစစ်ဖြစ်တယ်) ဟုသိမြင်ခြင်းသည် (သဘောနယ် )ကို သိမြင်ခြင်း ဖြစ်ပါတယ်။ သဘောနယ်ထိသိမြင်နိုင်သော ဝိဇ္ဇာဉာဏ်ဖြစ်လျှင် အစဉ်ကို အဟုတ်ထင်သော အဝိဇ္ဇာ ကွယ်ပျောက်သွားပါတယ်။
ဝေဒနာ၏ အသက် အစစ်ဖြစ်သော အသေးဆုံးအစိတ်ခံစားပြီး ပျက်ခြင်းသဘောလေးတစ်ခုသည် (ဒီလောက်တော့စွမ်းနိုင်သေးတယ်) ဟု အဟုတ်ထင်သော အဝိဇ္ဇာဖြစ်နိုင်ပြန်ပါတယ်။
ထို အဝိဇ္ဇာ မဝင်နိုင်ရန် ( ဖဿ ပစ္စယာ ဝေဒနာ ) အရ ဖဿ အကြောင်းရှိမှ ဝေးနာ ဖြစ်နိုင်ပါတယ်။ ဖဿ မရှိပဲဝေဒနာ လုံးဝ ဖြစ်မရပါဘူး။ ဝေဒနာသည် ကိုယ်ပိုင် အနှစ်သာရမရှိသော မူလပျက်သဘောသာဖြစ်ပါတယ်။ ဤနယ်ကိုသုညနယ်လို့ခေါ်ပါတယ်။ အကျဉ်းချုပ်လိုက်လျှင် အထင်နယ် နှင့် အစဉ်နယ် နှစ်မျိုးသည် အမှန်မရှိသောကြောင့် ( ဘာမှ မဟုတ်ပါဘူး) အမြင်မှာ ဆုံးသွားတယ်။
ဝေဒနာနှင့်ပတ်သက်ပြီး (ဘာမှ မဟုတ်ဘူး)ဟူသော သဘောတရားများသည် ဝေဒနာနိရောဓော -ဖြစ်ပါတယ်။ ဝေဒနာ၏ ဘာမှ မဟုတ်ကြောင်းကိုသိသောဉာဏ်ဖြစ်သောအခါ အဟုတ်ထင်လို့လိုချင်ခြင်း များ လုံးဝမဖြစ်နိုင်သောကြောင့် တဏှာနိရောဓော ဖြစ်ပါတယ်ဘုရား။
ဝေဒနာ ကို အတုံးအခဲ အစဉ်သန္တန် အထင်များမပျောက်ပဲ ဝေဒနာချုပ်ငြိမ်းအောင်လုပ်လို့ လုံးဝ မရပါဘူး ။ အာရုံထူးခံစားမှု အထူးလိုက်ရှာမှ ခံစားရသော အထူးများသည် တရားထူးတွေ့ခြင်းရခြင်း လုံးဝ မဟုတ်ပါဘူး။ အဟုတ်ထင်ခြင်း အဝိဇ္ဇာ ကပုံဖော် ပြီး နှိပ်စက်ခြင်း ဖြစ်ပါတယ်ဘုရား။
တရားတက်တယ် မတက်ဘူး သိချင်ရင် (ဘာမှ မဟုတ်ဘူး) ဟူသော အသိဉာဏ် တက်မတက်ကိုသာ စဉ်းစားပါဘုရား။ အဟုတ်ထင်ခြင်းတွေတက်လာရာ တရားမတက်ပဲ မတရား သော အဝိဇ္ဇာ တွေတက်တယ်လို့ သတ်မှတ်လိုက်ပါဘုရား။
ဖဿ ဟူသောစကားကို ကြားသိရသော အခါ ( မသိခြင်း) အထင်၊ (ဆိုးခြင်း) အထင်၊ (ကောင်းခြင်း ) အထင် အထင်အားဖြင့် (၃)မျိုးကွဲပြားနိုင်ပါတယ်။ ဤ အထင် နယ်ကို( အဝိဇ္ဇမာနပညတ်နယ်) ဟုခေါ်ပါတယ်။ ဤ အထင်နယ် ကို အဟုတ်ထင်လျှင် အဝိဇ္ဇာ ဖြစ်ပြီး (ဘာမှ မဟုတ်ဘူး ထင်ရုံသာဖြစ်တယ်)ဟုသိလျှင် ဝိဇ္ဇာဉာဏ်ဖြစ်ပါတယ်။ အဟုတ်ထင်တာကို ထွင်းဖောက် နိုင်သောကြာင့် (ဝိဇ္ဇာဉာဏ်) ဟုခေါ်ပါတယ်။
အာရုံ+ဒွါရ တွေ့ဆုံကြလျှင် ထိတွေ့မှု အစဉ်ဖြစ်ပါတယ်။ တွေ့ထိမှု ဖဿ သည် စေတသိတ်ဖြစ် သော ကြောင့် စိတ်မှာ မှီ ဖြစ်ရပါတယ်။ စိတ်အစဉ်မှာ ဖဿ အစဉ် ရှိပါတယ်။ ထိုဖဿ ထိတွေ့ မှု အစဉ်ကို ဝိဇ္ဇမာန ပညတ် ဟုခေါ်ပါတယ်။
ထိုဖဿ အစဉ်ကို (ဒါပဲရှိတယ်၊ကျန်တာ မရှိ) ဟု အဟုတ်ထင်ခြင်းသည် အဝိဇ္ဇာ ဖြစ်ပါတယ်။ ( အစဉ်ဟူသည် အထင်မျှသာ ဖြစ်တယ်၊ အမှန်မရှိ၊ ဘာမှ မဟုတ်ဘူး) ဟုသိခြင်းသည် ဝိဇ္ဇာဉာဏ်ဖြစ် ပါတယ်။
ဖဿထိတွေ့ခြင်း အစဉ် ကို တစ်စက္ကန့်မှာ ကုဋေ တစ်သိန်းစိတ်ပြီး ထို အစိတ်ထဲမှာ တစ်ခုသော တွေ့ထိမှု ဖြစ်ပျက် သဘောလေးသည် ဖဿ ၏ ဘဝ အစစ်ဖြစ်ပါတယ်။
အစဉ် အထင်တွေကတော့ ဘဝအတုတွေသာ ဖြစ်ပါတယ်။ဘဝ အစစ် ဖြစ်ပျက်သဘောသည် သဘောနယ် ဖြစ်ပါတယ်။
( ဒီဖြစ်ပျက်လောက်တော့ စွမ်းရည်ရှိတယ်) ဟု အဟုတ်ထင်ခြင်းသည် အဝိဇ္ဇာဖြစ်ပါတယ်။
(သဠာယတန- အကြောင်းပါမှ ဖြစ်လို့ရပါတယ်။ဖဿ မှာ ဖြစ်ပျက်နိုင်သော စွမ်းအားမရှိပါ ဘူး) ဟုသိမြင်ခြင်းသည် ဝိဇ္ဇာဉာဏ်ဖြစ်ပါတယ် ဘုရား။ ဤသို့သိလျှင် (သုညနယ်) ရောက်ပါ တယ်ဘုရား။
နည်း(၄)ပါး ဖြင့်ဝေဖန်လျှင် ဖဿ ဟူသော တရားတစ်ခု ကို သုညနယ် အထိ ပိုင်းခြားသိပြီး လျှင် ( အဗျာပါရ အနတ္တနည်း) မည်ပါတယ်။ဤ နည်းက စွမ်းရည်ရှိတယ်ဟူသောအထင် သက္ကာယဒိဋ္ဌိ ၊ အတ္တဒိဋ္ဌိ ကိုပယ်ပါတယ် ။
သဠာယတန နှင့် ဖဿ တို့ သည် (သဘောအားဖြင့် တွဲမရသော်လည်း ၊ အထင်အားဖြင့် ခွဲမရအောင် ဆက်စပ် ကြပါတယ်။)ဟုသိခြင်းသည် ဧကတ္ထနည်း မည်ပါတယ်။ ဤနည်းကပြတ်တယ်အထင် ဥစ္ဆေဒ ဒိဋ္ဌိ ကိုပယ်ပါတယ်။
သဠာယတန နှင့်ဖဿတို့သည် အထင်အားဖြင့် ခွဲမရအောင် တွဲ၍ ဖြစ်ကြသော်လည်း ( အကောင်းအနိမ့် အမြင့်၊ အဆိုး အနိမ့် အမြင့်များ၊ ကွဲပြား ပါတယ်။)ဟုသိခြင်းသည် နာနတ္ထ နည်းမည်ပါတယ်။ ဤ နည်းက ( တွဲလျှင်လည်းပုံတူတွဲရမည်) ဟုထင်သော သဿတဒိဋ္ဌိ ကိုပယ်ပါတယ်။
သဠာယတန နှင့်ဖဿ အကြောင်းအကျိုး တို့သည် ကောင်းအောင်လည်းပြုပြင်ရ၏။ ဆိုးအောင်လည်းပြုပြင်ရ၏ ။ ဟုသိမြင်ခြင်းသည် ဧဝံဓမ္မတာနည်း ဟုခေါ်ပါတယ်။ ဤနည်းဖြင့် ပြုပြင်လို့မရဘူး ။ ဟုထင်သော အဟေတုက ဒိဋ္ဌိ ၊အကိရိယဒိဋ္ဌိ ကို ကို ပယ်ပါတယ်ဘုရား။
ဒီလောက်ပြောလျှင် နည်း(၄)ပါးကိုနား လည်လောက်ပါပြီဘုရား။ နောက်ထပ် နည်း(၄)ပါး ကို မပြောတော့ ပါဘူးဘုရား။
သဠာယတန ကိုနယ် (၄)ပါး ၊ နည်း(၄)ပါးဖြင့် ဆက်ပြီး ရှင်းပြပါအုံးမယ်ဘုရား။ သဠာယတနဟူသော စကားကိုကြားသိရလျှင် (မသိခြင်း) အထင် ၊ (ဆိုးခြင်း) အထင်၊ (ကောင်းခြင်း)အထင်အားဖြင့် အထင်အထည်ပုံစိတ်ထဲမှာ ပေါ်လာပါတယ်။ ဤ အထင် အထည်နယ် ကိုအဝိဇ္ဇမာန ပညတ်နယ် ဟုခေါ်ပါတယ်။
အဝိဇ္ဇမာနပညတ်နယ် ၏ ထင်ရုံသာဖြစ်ခြင်း ၊ အမှန်မရှိခြင်း ၊ကိုနားမလည်ကြကုန်သော ၊ပညာနည်းသော ပုဂ္ဂိုလ်တွေဟာ ၊ ကိုယ်၊နှုတ်၊စိတ် မစောင့်ထိန်း ပဲထားလျှင် ၊ ကိုယ်ထင်ရာ ကိုယ်ပြောပြီး ကိုယ့်ကိုကို အဟုတ်ထင်ခြင်း ၊ အဝိဇ္ဇာ အနှိပ်စက် ခံနေကြရပါတယ်။
သဠာယတနဟူသည် မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊စိတ်၊ ဤ (၆)ပါးကို (သဠာယတန) ဟုခေါ်ပါတယ်။ မျက်စိဖြင့်မြင်ရသော အလုံး အခဲကြီးတွေက ( အဝိဇ္ဇမာနပညတ်နယ်၊ အထင်နယ်)ဖြစ်ပါတယ်။
မြင်စရာကိုမြင်တတ်သော အကြည်ဓာတ် အစဉ်လေးကို (မျက်စိ )လို့ခေါ်ပါတယ်။
ကြားစရာကို ကြားတတ်သော အကြည်ဓာတ် အစဉ်လေး ကို (နား) လို့ခေါ်ပါတယ်။
နံစရာကို နံတတ်သော အကြည်ဓာတ် အစဉ်လေးကို (နှာခေါင်း) လို့ခေါ်ပါတယ်။
အရသာကို သိတတ်သာ အကြည်ဓာတ် အစဉ်လေးကို (လျှာ) လို့ခေါ်ပါတယ်။
ထိစရာကို ထိတတ်သော အကြည်ဓာတ် အစဉ်လေးကို (ကိုယ်) လို့ခေါ်ပါတယ်။
ကြံတွေးစရာကို သိတတ်သာ အကြည်ဓာတ် အစဉ်လေးကို (စိတ်)လို့ခေါ်ပါတယ်။
အစဉ်သန္တန်ကို သိလျှင် ဝိဇ္ဇမာနပညတ်နယ် ကိုတွေ့ပါတယ်။ ကိုယ့်ကိုကို သိရုံသာသိပြီး နေနိုင်ရင် သိစရာကို သိပြီး နေနိုင်သော ကြောင့် ဝိဇ္ဇမာနပညတ်နယ် ကို သိခြင်း ဖြစ်ပါတယ်။
အထူးကို ဂရုမစိုက်ပဲ အရှိလောက်သာ ဂရုစိုက်တတ်ရင် ဝိဇ္ဇမာန ပညတ်နယ် ကိုရောက်ပါပြီ။ ဝိဇ္ဇမာန ပညတ်နယ် ကိုရောက်လျှင် အဝိဇ္ဇမာန ပညတ်နယ် ကတွေ့သိရသော အကောင် အထည် ပုံပန်းသန္တာန် များကို အာရုံမပြုမိတော့ပါဘူး။ အဟုတ်မထင်မိတော့ပါဘူး။
ဒါပေမယ့် ( အကောင်အထည်တော့ ထင်ရှားမရှိပါဘူး။ အစဉ်သန္တာန်ကတော့ အမှန်ရှိတယ် ၊ ကျန်တာတွေမရှိဘူး )ဟုဘောင်ခတ်ပြီး အကျဉ်းချတတ်သော အဟုတ်ထင်ခြင်း အဝိဇ္ဇာ ဖြစ်နေ ပြန်ပါတယ်။
အစဉ် သန္တာန်သာရှိသော ခန္ဓာကိုယ် တစ်ခုလုံး ကို တစ်စက္ကန့်တွင် ၊ ကုဋေ ငါးထောင်၊ ကုဋေ တစ်သိန်းစိတ်လိုက် ပါ။ ထို အစိတ်ထဲမှ တစ်စိတ်သည် လက်ရှိခန္ဓာ ၏ အသက်ဖြစ်ပါတယ်။ ဤ နယ်ကို (သဘောနယ် ) ဟုခေါ်ပါတယ်။
ဤသဘောနယ် ကို ဝိဇ္ဇာဉာဏ်ဖြင့်သိလိုက်လျှင် ( အစဉ် အထင်သန္တာန် သာရှိတယ်) ဟု အဟုတ်ထင်သော အဝိဇ္ဇာကို ထွင်းဖောက်ပြီး သိခြင်း ဖြစ်ပါတယ်။
သဘောနယ် မှာ ရှိသော တစ်ခုသော ဖြစ် ပျက်သဘောလေး သည် ( ဒီလောက်တော့သူတတ်နိုင်သေးတယ်) အဟုတ်ထင်သော အဝိဇ္ဇာ ဖုံးလွှမ်းလာပါတယ်။ ထို အဝိဇ္ဇာကို ပယ်ဘို့ရန်မှာ ထို သဠာယတန ၏ တစ်စိတ်သော ဖြစ်ပျက် သဘောလေးသည် နာမ်ရုပ် အကြောင်းမပါပဲ ဖြစ်လို့မရပါဘူး။
အကြောင်းပါမှ ဖြစ်လို့ရသောကြောင့် ကိုယ်ပိုင်အနှစ်အသား မရှိပါဘူး။ ကာလ သုံးပါးလုံး မှာ အနှစ်မပါသောကြောင့် မူလပျက်သဘောဖြစ်ပါတယ်။ မူလပျက်သဘော ဖြစ်သော သုညနယ် ကိုရောက်သွားလျှင် ( အဝိဇ္ဇာ အဟုတ်ထင်ခြင်း ) မဖုံးလွှမ်းနိုင်တော့ပါဘူး ။
သဠာယတန ကို နည်း (၄)ပါးနှင့် ရှင်းပြပါအုံးမယ် ဘုရား။ မျက်စိ၊နား၊ နှာခေါင်း ၊ လျှာ၊ ကိုယ် ၊စိတ် ၊ ဟူသော သဠာယတန တရားတစ်ခုကို ဖြစ်ပျက်သဘော နှင့် မူလပျက်သဘော ၊ အထိပိုင်းခြားသိခြင်း ကို ( အဗျာပါရ အနတ္တ နည်း ) ဟုခေါ်ပါတယ်။ ထိုနည်း ကတရားတိုင်းမှာ (ကိုယ်ပိုင်စွမ်း အားရှိတယ်) ဟုထင်သော သက္ကာယဒိဋ္ဌိ၊ အတ္တဒိဋ္ဌိ ကိုပယ်ပါတယ်။
နာမ်ရုပ် နှင့် သဠာယတန တို့သည် ( တစ်ဆက်တည်း တစ်ပေါင်းတည်း ဖြစ်တယ်) ဟုသိမြင်ခြင်း ကို ဧကတ္ထနည်း ဟုခေါ် ပါတယ်။
ဤနည်းက တရားတွေဟာ သဘော (၂)ခုသာရှိတယ်။ တစ်ဆက်တည်း ၊ တစ်ပေါင်းတည်း မဖြစ်ဘူး ဟု ထင်သော ဥစ္ဆေဒဒိဋ္ဌိ ကိုပယ်ပါတယ်။
နာမ်ရုပ် နှင့် သဠာယတန တို့သည် ဆက်စပ်ပြီး ဖြစ်သော်လည်း ( အကြောင်းနိမ့် လျှင် အကျိုးနိမ့်မည်။ အကြောင်းမြင့်လျှင် အကျိုး မြင့်မည် ) ဟုသိမြင်ခြင်း ကို နာနတ္ထ နည်း ဟုခေါ်ပါတယ်။ ဤနည်းက (ပေါင်းပြီးဖြစ်လျှင်တူညီရမည်) ဟုထင်သော သဿတဒိဋ္ဌိ ကို ပယ်ပါတယ်။
နာမ်ရုပ် နှင့် သဠာယတန တို့သည် အကြောင်းအကျိုး အနိမ့် အမြင့် ရှိကြသော်လည်း ( ကောင်းတာများလျှင် ဆိုးတာနည်းပြီး၊ကောင်းတာများ၏။ ဆိုးတာများလျှင် လည်းကောင်းတာနည်းပြီး ဆိုးတာများ၏ ။များအောင် နည်းအောင် ပြုပြင်လို့ရ၏ ) ဟုသိမြင်ခြင်း ကို ဧဝံဓမ္မတာနည်း ဟုခေါ်ပါတယ်။
ဤနည်းက (ပြုတိုင်းမရ ၊ အချည်းနှီးသာ) ဟုထင်သော အဟေတုကဒိဋ္ဌိ၊ အကိရိယဒိဋ္ဌိ ကိုပယ်ပါတယ်။