Skip to content
Tags

ဘဝကို နယ် လေးပါးနှင့်ပိုင်းခြားခြင်း

March 2, 2010

ဘဝ ဟူသောစကားကို ကြားသိရသောအခါ၊ ( မသိခြင်း) အထင်၊ (ကောင်းခြင်း) အထင်အား ဖြင့်၊ စိတ် မှာ အထင်မျိုးစုံပေါ်နိုင်ပါတယ်။

ဤ အထင်နယ်မှာ အဝိဇ္ဇာမာန ပညတ်နယ်ဟုခေါ်ပါတယ်။ ဤ အထင်မှာ ဘဝရဲ့ အဓိပ္ပါယ်ကို လိုက်ရှာ နေကြပါတယ်။  အထင်သာဖြစ်၍ အမှန်မရှိသောကြောင့် ဘဝရဲ့ အဓိပ္ပါယ်ကို လိုက်မရှာနိုင်ပါဘူး။ ဤ အထင်မှာ ကိုယ်ထင်ရာကိုယ် ဟုတ်ပြီး ၊ ဆရာကြီးတွေ လုပ်ခါ ၊ လမ်းညွှန် နေကြတယ်။

ကိုယ်တိုင်လည်း ကိုယ်ထင်ရာကိုသာ ကိုယ်လုပ်ပြီး ပြောဆို ကျင့်သုံး နေကြတယ်။ (ငါ့အထင်သာ မှန်တယ်၊ အခြားဟာတွေ အမှား၊) ဟု အဟုတ်ထင်ကာ အဝိဇ္ဇာ၏ ကျွန်စစ်စစ် ဖြစ်နေကြသူတွေ များ ပါတယ်။ သတိထားကြပါ။

ဘဝနှင့်ပတ်သက်ပြီး စိတ်အထင်မှန်သမျှ ဟာ ( မရှိဘူး။ ရှိတယ်) ပုံပြင်လိုပါပဲ။ ( ဘာမှ မဟုတ်ဘူး ) ဟုသိလျှင် ဝိဇ္ဇာဉာဏ် ဖြစ်ပါတယ်။

မရှိဘူးရှိတယ် ပုံပြင်-ရှေး အခါက ဘုန်းကြီးတစ်ပါး မှာ၊ အလွန်ဆင်းရဲတဲ့ ကပ္ပိယ တစ်ယောက်ရှိသတဲ့၊ ထို ကပ္ပိယကို ဘုန်းကြီး က စလိုတာနဲ့ ၊ ( ကပ္ပိယ -ရွှေရှိလားလို့မေး လိုက်သတဲ့။ ထို အခါ ကပ္ပိယက ( မရှိဘူး၊ ရှိတယ် ဘုန်းကြီး ) လို့ဖြေလိုက်သတဲ့ ၊ ဘုန်း ကြီးက ပြော တယ်။

ကပ္ပိယ ( ရှိရင် ရှိတယ် ၊မရှိရင် မရှိဘူး) ဟု မှန်မှန် ပြောပါဆိုပါတော့ ကပ္ပိယက ပြောပါတယ်။ (တပည့်တော် ဘဝမှာ ရွှေတစ်ခါမှ မရှိခဲ့ပါဘူးဘုရား။ ရွှေ မရှိသော အနေအတထားနဲ့ အခါ ခပ်သိမ်းရှိနေပါတယ်။) ဟုဖြေပါသတဲ့ ။

ထို့အတူ အထင်တွေဟာလည်း အမှန်အားဖြင့်တော့ လုံးဝမရှိပါဘူးတဲ့။ ထင်ရုံသာ ထင်ပြီး ပြောဆိုလို့ ရလောက်ရုံသာ ရှိပါတယ်။ ဘဝနဲ့ ပတ်သက် တဲ့အထင် တွေကိုလည်း ၊ ထင်ရုံသာ ထင်ပါ။ အဟုတ်မထင်လိုက်ပါနဲ့။ အောက်ဆင်း သွားနိုင်ပါတယ်။

ဘဝ၏ အဓိပ္ပါယ်မှာ -ဖြစ်ခြင်းပင် ဖြစ်ပါတယ်။ ထိုဖြစ်ခြင်း ဘဝကို စွန့်ခြင်း၊ စွဲခြင်းအကြောင်းတရားများ ဖြစ်ခြင်းကို ( ကမ္မဘဝ ) ဟုနာမည်တပ်ပါတယ်။ ချမ်းသာခြင်း၊ ဆင်းရဲခြင်း ၊ အကျိုးတရားများ ဖြစ်ခြင်းကို ( ဥပပတ္တိဘဝ) ဟုနာမည်တပ်ပါတယ်။

အကြောင်းဖြစ်ခြင်း၊ အကျိုး ဖြစ်ခြင်း တစ်စုံကို (ဘဝ) လို့နာမည်တပ်ပါတယ်။ ဘဝဟူသည် အကြောင်းအကျိုးတရားများဖြစ်ခြင်း အစဉ်ကို ( ဘဝ )လို့ မှတ်သားလို့ရပါတယ်။

ယခု လက်ရှိခန္ဓာ ဟာ အကြောင်းအကျိုးတရားတွေ အစဉ်ဖြစ်နေခြင်း ဖြစ်ပါတယ်။ ထို့ကြောင့်ဘဝလို့ခေါ်လို့ ရပါတယ်။ ဘဝ ဟူသော ပါဠိ ၏ အဓိပ္ပါယ်ကို ( ဖြစ်စဉ် ) ဟုသာ မှတ်သားပါ။ ထိုဖြစ်စဉ် သည် ဝိဇ္ဇာမာနပညတ်နယ်-ဖြစ်ပါတယ်။ ( အစဉ်နယ် )လို့လည်းခေါ်နိုင်ပါတယ်။ ဤ ဖြစ်စဉ် ကို အဟုတ်ထင်လျှင် အဝိဇ္ဇာ ဖြစ်ပြန်ပါတယ်။

ဘဝ ဖြစ်စဉ်သည် တစ်နှစ်၊ တစ်လ ၊ တစ်ရက် ၊ တစ်နာရီ၊ တစ်မိနစ် ၊ တပြိုင်နက် ရလာသည် လုံးဝ မဟုတ်ပါဘူး။

တစ်စက္ကန့် ရုပ်ဖြစ်စဉ် ကို ကုဋေ ငါးထောင် ၊ စိတ်ဖြစ်စဉ်ကို ကုဋေ တစ်သိန်း ၊ စိတ်ပြီး ထို အစိတ်ကလေး တစ်ခုသည်ပင် ဘဝ အစစ် ဖြစ်ပါတယ်။

ဖြစ်ပျက်သဘောလေးတစ်ခုဟာ ဘဝ အစစ် ဖြစ်ကြောင်း နားလည်လိုက်ရင် ၊ အထင်နယ် နှင့် အစဉ် နယ်မှာ  ၊ အဟုတ်ထင်ထားတာတွေ ကင်းပျောက်ပြီး သဘောနယ်သို့ အသိဉာဏ်ဟာ သက်ဝင်လာပါတယ်။ ဉာဏ် အစဉ် တတ်ခြင်း ပါပဲ။

ဘဝ အစစ် ဖြစ်ပျက်သဘောလေး တစ်ခုကိုပင် ( ဒီ ဖြစ်ပျက်သဘောလောက်တော့ အနှစ်သာရရှိသေးတယ် ) ဟု အဟုတ်ထင်ခြင်း သည် အဝိဇ္ဇာ ဖြစ်ပြန်ပါတယ်။

ဥပါဒါနပစ္စယာ ဘဝေါ – အရ ဥပါဒါန် အကြောင်းမရှိဘဲ ဘဝ ဖြစ်လို့မရဘူး။ ဘဝမှာ ကိုယ်ပိုင် အနှစ်တစ်ခုမှ မရှိဘူး။ ကိုယ်ပိုင်အနှစ်မှ ကုန်ပျက်နေပါတယ်။ ဤ မူလပျက်သဘောကိုသိလျှင် ၊ ဘဝ နှင့်ပတ်သက်ပြီး သိစရာဆုံးသွားပါတယ်။ ဘဝဆုံးရာ နိဗ္ဗာန် ပင်ဖြစ်ပါတယ်။

ဘဝ ရဲ. ချုပ်ငြိမ်းမှုကို အာရုံပြု နိုင်လေလေ၊ အေးနေငြိမ်းလေ ဖြစ်ပါတယ်။ ဘဝ နဲ့ ပတ်သက်ပြီး အထင်အားလုံး ချုပ်ငြိမ်း ခြင်း ပင် ဖြစ်ပါတယ် ဘုရား။

**************************

Leave a Comment

Leave a comment